ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြင်းမူးကျေးရွာ(အလက)ကျောင်းသို့ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့်စာသင်ခုံများပေးအပ်လှူဒါန်း

ပင်းတယ ၂၃ ဇူလိုင်  

 

ရှမ်းပြည်၊တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြင်းမူးကျေးရွာရှိအခြေခံ ပညာအလယ်တန်းကျောင်း၌ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းနှင့် မိသားစုတို့မှ ကျောင်းသားကျောင်းသူများအတွက် လိုအပ်လျက်ရှိသော ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များနှင့် စာရေးခုံများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များ နှင့် စာရေးခုံများလှူဒါန်းပေးရခြင်းနှင့် ပတ်သက်၍လည်ကောင်း၊ ဓနုဒေသအတွင်းရှိ ကျောင်းသားကျောင်းသူများ၏ အနာဂတ်ရည်မှန်းချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပေးခဲ့ရာ မြင်းမူးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းလွင်  ကကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ထို့နောက် မြင်းမူးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းသားကျောင်းသူများမှ ကျောင်းဝတ်စုံများ လိုအပ်လျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် ဝတ်စုံ ၅၀ ၊ ဗလာစာအုပ် ဒါဇင် ၅၀၊ ကျောင်းစာသင်ခန်းများ တွင်အသုံးပြုရန်အတွက် စာရေးခုံ အစုံ ၃၀ တို့ကိုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက ပေးအပ်လှူဒါန်းရာကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ 

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များသည် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ကျေးရွာများရှိ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့တွင် ဒေသနေပြည်သူများ လိုအပ်လျက်ရှိသော နေရာများသို့သွားရောက်ကာ အခါအားလျော်စွာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)