ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ကျေးရွာများ စတင်ဖွင့်လှစ်

ပင်းတယ  ၁၅  စက်တင်ဘာ 

 

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးသော ပင်းတယမြို့နယ်အတွင်းရှိ ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း  Community Based Tourism CBT ကျေးရွာများ စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်က ပင်စိမ်းပင်ကျေးရွာနှင့် ဆီးကျအင်းကျေးရွာတို့တွင် ကျင်းပခဲ့သည်။ 

 

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာညီညီအောင်၊ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ် ဥပဒေအရာရှိချုပ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းတို့က ကျေးရွာများတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျေးရွာများအတွင်း ဆောင်ရွက်ထားရှိ မှုများအား လေ့လာကြည့်ရှုခဲ့ကြပြီး အမှတ်တရသစ်ပင်များကို တာဝန်ရှိသူများက စိုက်ပျိုးပေးခဲ့ကြသည်။

 

ထို့နောက် ဆီးကျအင်းမဟာမြိုင်ဘုန်းတော်ကြီးကျောင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရပ်ရွာလူ ထုအခြေပြုခရီးသွား လုပ်ငန်း ပင်စိမ်းပင် ကျေးရွာနှင့် ဆီးကျအင်းကျေးရွာ Community Based  Tourism CBT ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းအားဖြင့် မြန်မာ့ခရီးသွားနှင့် ရှမ်းပြည် နယ်၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ လူမှုစီးပွားဘဝမြင့်မားရေးနှင့် ဝင်ငွေတိုးမြှင့်ရရှိစေရေးတို့အပြင် သဘာဝသယံဇာတများ၊ ယဉ်ကျေးမှုများကိုပါ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားအတွင်း ပြောကြားခဲ့သည်။

 

သဘာဝရေမြေတောတောင်သဘာဝများနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို လေ့လာကြည့်ရှုနိုင်သည့် CBT ကျေးရွာများကို ပြည်နယ်အတွင်း ယခုအခါ ၁၆ခုအထိ ဖွင့်လှစ်လာနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အင်းလေးကန်အရှေ့ဘက်ခြမ်းရှိ တောင်ပေါ် ပအိုဝ့်ကျေးရွာလေးရွာတွင်လည်း ဖွင့်လှစ်ထားပြီး ယခု ဓနုဒေသ တွင် ပထမဆုံးအကြိမ်အဖြစ်ဖွင့်လှစ်ရခြင်းဖြစ်သည်။ ထို့ပြင် ပင်းတယကျေးလက်ခရီးစဉ်ဒေသသည် နိုင်ငံ တကာ ခရီးသွားဆုများကိုလည်း များစွာရရှိထားကြောင်း သိရသည်။

 


အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများကို အမှာစကားပြောကြားခဲ့သည့်အပြင် ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထက်အောင်နိုင်၊ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် ဂျာမနီအခြေစိုက် GIZ မှ အကြံပေးအရာရှိ နီကိုဟက်ဆယ်လာ၊ ဖြူစင်ကုမ္ပဏီမှ ဒါရိုက်တာ ဦးထက်ထူးနိုင်၊ ဓနုခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏသိန်းနှင့် ကျေးရွာကော်မတီဝင် ဦးမြမောင်တို့က ယခုကဲ့သို့ ဒေသအတွင်း ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းကျေးရွာများစတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြသည်။

 

အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံ ဓနုနှင့် ပလောင်စသည့် တိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။ 

 

ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး