ဓါးကိုင်အုပ်စုဖွဲ့၍ ခရီးသွားပြည်သူများအား ခြိမ်းခြောက်ရန်ပြုနေသူ (၅)ဦးကို လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီး

လှည်းကူး ၁ ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကျွန်းကုန်းလမ်းဆုံအနီး လှည်းကူး-ဒါးပိန် ကားလမ်းပေါ်တွင် ဓါးကိုင်အုပ်စုဖွဲ့၍ ခရီးသွားပြည်သူများအား ခြိမ်းခြောက်တားဆီးရန်ပြုနေသူများကို မေ ၃၁ ရက် ည ၇ နာရီခွဲခန့်က မြို့နယ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှည်းကူး-ဒါးပိန်ကားလမ်း ကျွန်းကုန်းလမ်းဆုံအနီးတွင် အမျိုးသား(၅)ဦးခန့် ဓါးများကိုင်ဆောင်၍ လမ်းဘေးတွင် အများပြည်သူများအား အသက်ဘေးအန္တရာယ်ဖြစ်စေရန် ရမ်းကားနေကြောင်း ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့ဝင်များက သက်သေတို့နှင့်အတူ သွားရောက်ခဲ့ရာ ကျွန်းကုန်းလမ်းဆုံအနီး လှည်းကူး- ဆားတလင်း- ဒါးပိန်ကားလမ်းပေါ်တွင် ဓါးကိုင်အုပ်စုဖွဲ့၍ ခရီးသွားပြည်သူများအား ခြိမ်းခြောက်တားဆီး ရန်ပြုကာ ရမ်းကားနေသည်ကို တွေ့ရှိရကြောင်း၊ ဒုရဲအုပ် ကျော်စိုးဟိန်း ဦးစီးတပ်ဖွဲ့ဝင်များမှ သွားရောက်ဟန့်တားရာ ၎င်းတို့(၅)ဦးအနက် ဇော်မင်းသိန်းမှာ အရိုးအသွားအရှည် (၂)ပေ (၆)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးဖြင့် ရန်ပြုခုခံသဖြင့် ရဲဒုတပ်ကြပ် ဖြိုးမောင်မောင်သိန်းနှင့် ရဲဒုတပ်ကြပ် မိုးစက်သော်တို့မှ လုံးထွေးဖမ်းဆီးစဉ် ပီချေး (ခ) မျိုးဇင်လတ် (၃၀)နှစ်ခန့် (ဘ)ဦးဌေးရီ၊ လက်ပံကျေးရွာ လှည်းကူးမြို့နယ်နေသူက ရဲတပ်ကြပ်အောင်ဆန်းမြင့်အား ဓါးမြောင်ဖြင့် (၃/၄)ချက်ခန့် လိုက်လံထိုးသတ်စဉ် ဒုရဲအုပ်ကျော်စိုးဟိန်းမှ ၃၈ ဗို့ခြောက်လုံးပြူးဖြင့် တစ်ချက် ခြောက်လှန့်ပစ်ခတ်သည်နှင့် တစ်ပြိုင်တည်း အနီးရှိ အောင်နိုင်မှ ဒုရဲအုပ် ကျော်စိုးဟိန်းအား ဝင်ရောက်လုံးထွေးသဖြင့် ၎င်း၏ဝဲဘက်လက်ခုံအားထိမှန်ပြီး သာမာန်ဒဏ်ရာရရှိခဲ့ကာ လှည်းကူးဆေးရုံသို့တင်ပို့ ကုသထားကြောင်း၊ ဇော်မင်းသိန်း၊ သက်ပိုင်မျိုးဦး(ခ)သံချောင်း၊ ကျော်နိုင်ထွန်းတို့အား ဖမ်းဆီးရမိခဲ့ပြီး ဇော်မင်းသိန်းထံမှ လုံးထွေးဖမ်းဆီးစဉ် သိမ်းဆည်းရမိသော အရိုး၊အသွား (၂)ပေ(၆)လက်မခန့်ရှိ ဝါးအရိုးတပ်ဓါးဦးချွန် (ဓါးအိမ်နှင့်လွယ်ကြိုးပါ) ငှက်ကြီးတောင်ဓါး (၁)ချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အများပြည်သူနှင့်ဆိုင်သောနေရာတွင် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန်အလို့ငှာ လူ့အသက်ကို ဘေးအန္တရာယ်ဖြစ်စေသည့် လက်နက်စွဲကိုင်ရမ်းကားသူ ဇော်မင်းသိန်း(၃၇)နှစ်နှင့် အားပေးကူညီသူ သက်ပိုင်မျိုးဦး(ခ)သံချောင်း (၂၆)နှစ်၊ ကျော်နိုင်ထွန်း(၂၄)နှစ်၊ ဒဏ်ရာရရှိသူ အောင်နိုင်(၅၀)နှစ်နှင့် ထွက်ပြေးတိမ်းရှောင်သွားသူ ပီချေး(ခ)မျိုးဇင်လတ်တို့ (၅)ဦးအား လှည်းကူးမြို့မရဲစခန်းက ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)