ဓာတုကုထုံးလုပ်နေချိန်မှာ အရေပြားနဲ့လက်သည်းပြောင်းလဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ရင်သားကင်ဆာ ဆေးသွင်းကုသခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ ဆံပင်ကျွတ်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းနဲ့ လက်သည်းခြေသည်း အက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ရင်သားကင်ဆာ လူနာတွေမှာ ဆံပင်တဖြည်းဖြည်း ကျွတ်သွားတာကို ကြည့်ခြင်းဟာ ကြောက်မက်ဖွယ်ရာဖြစ်ပါတယ်။ ဒါကြောင့် ရှောင်လွှဲလို့မရနိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့ နည်းလမ်းအမှန်ကို သိရှိဖို့လိုပါတယ်။

 

ကင်ဆာဆေးသွင်းကုသစဉ် အရေပြားထိန်းသိမ်းမှု

ကင်ဆာဆေးသွင်းကုသခြင်းဟာ လူနာရဲ့အရေပြားကို ခြောက်သွေ့ယားယံစေပါတယ်။ ကုသမှုယူစဉ် လက္ခဏာတွေ ဖြစ်ပေါ်လာတာကို စောင့်နေမယ့်အစား မစခင် တစ်ပါတ်လောက်ကြိုပြီး ပြဿနာတွေကို သက်သာစေသင့်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းဟာ အလှအပဆိုင်ရာ ပြဿနာတစ်ခုဖြစ်သော်လည်း သူဟာ အလွန်ပြင်းထန်နိုင်ပြီး ရောဂါပိုးလည်းဝင်စေနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ ကုသစဉ် အရေပြားပြဿနာတွေကို ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။

 

• ကြာရှည်စွာ ရေပူနဲ့ ရေချိုးခြင်းကို ရှောင်ကျဉ်ပါ။

 

• ပျော့ပြီး ဓါတုပစ္စည်းတွေ မပါဝင်နဲ့ ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေကို အသုံးပြုပါ။

 

• အရေပြား ရေဓါတ်ခန်းခြောက်မှုကို ကာကွယ်ဖို့ လိုးရှင်းအစား moisturiser လိမ်းပါ။

 

• ကင်ဆာဆေးသွင်းကုသခြင်းဟာ အရေပြားကို နေလောင်ဒဏ်ပိိုမို ထိစေနိုင်ပါတယ်။ ဒါကြောင့် UVA နဲ့ UVB rays တွေကနေ ကာကွယ်ပေးနိုင်တဲ့ နေပူခံလိမ်းဆေးတွေကို အသုံးပြုသင့်ပါတယ်။

 

အရေပြားယားယံခြင်းဟာလည်း ရင်သားကင်ဆာ လူနာအတော်များများ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဆရာဝန်တွေဟာ စတီးရွိုက်တွေ၊ အနာသက်သာစေတဲ့ဆေးတွေကို အရေပြားပေါ်လိမ်းပေးဖို့ ညွှန်ကြားနိုင်ပါတယ်။

 

အရေပြားဟာ အရောင်ပြောင်းလဲနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ အရောင်ချွတ်တဲ့ ခရင်မ်တွေနဲ salicylic acid ပါဝင်တဲ့ exfoliants တွေကို လိမ်းကြည့်နိုင်ပါတယ်။

 

အရေပြားပေါ်မှာ အနာတွေရှိတဲ့လူနာတွေဟာ ရေမကူးသင့်ပါဘူး။ နေကိုလည်းရှောင်ကျဉ်သင့်ပါတယ်။ နေရောင်ကာကွယ်တဲ့ ထုတ်ကုန်တွေကို သင့်လျော်စွာ ပုံမှန်သုံးစွဲသင့်ပါတယ်။

 

ကင်ဆာဆေးသွင်းကုသစဉ် လက်သည်းခြေသည်းကို ဂရုစိုက်ခြင်း

ကင်ဆာဆေးသွင်းကုသစဉ်မှာ ခြေသည်းလက်သည်းတွေဟာ ကြွတ်ဆတ်လွယ်ပြီး ခြောက်သွေ့ကာ လိုင်းတွေ၊ အကြောင်းတွေနဲ့ ပိုမိုအရောင်ရင့်လာတတ်ပါတယ်။ ဒီအခြေအနေတွေဟာ ခဏတာဖြစ်ပြီး လပေါင်းများစွာ အထိတော့ ဖြစ်နိုင်ပါတယ်။

 

အချို့ကင်ဆာဆေးတွေဟာ ခြေသည်းလက်သည်းတွေကို လက်ဆီကနေ ပြုတ်ထွက်စေနိုင်ပါတယ်။ ဒီဆေးတွေက လက်သည်းခြေသည်းတွေကို ထိခိ်ုက်စေခြင်းကို ကာကွယ်ဖို့နဲ့ လက်၊ခြေထောက်တွေကို သွေးပိုမို စီးဆင်းစေဖို့ အချို့လူနာတွေဟာ ဆေးသွင်းစဉ်မှာ ခြေ၊ လက်တွေကို အထူးအေးအောင် ပြုလုပ်ထားတဲ့ လက်အိပ်တွေကို အသုံးပြုကြပါတယ်။

 

ခြေသည်းလက်သည်းရောင်ခြင်းဟာ ပိုမိုဆိုရွားလာပြီး အရည်ထွက်လာပြီဆိုရင် ဒါဟာအန္တရာယ်ရှိတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ သူတို့ဟာ ရောဂါပိုးဝင်ရောက်နိုင်တာမို့ လူနာတွေဟာ ဆရာဝန်ကိုတိုင်ပင်သင့်ပြီး သေချာစွာ ကုသသင့်ပါတယ်။

 

အိမ်မှာ ကုသမှုအတွက်ကတော့ ရောဂါပိုးဝင်တဲ့ လက္ခဏာရှိတဲ့လူနာတွေဟာ သူတို့ရဲ့ လက်ချောင်းခြေချောင်းတွေကို အဖြူရောင်ရှာလကာရည်နဲ့ ရေရောထားတဲ့အရည်ထဲကို ညစဉ် ၁၅ မိနစ်လောက် စိမ်ထားပေးသင့်ပါတယ်။

 

ခြုံပြောရရင် ကင်ဆာလူနာတွေအတွက် ခြေသည်းလက်သည်းနဲ့ အရေပြားမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာခြင်းဟာ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီလက္ခဏာတွေကို သက်သာစေဖို့ မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ဟာ အရေးကြီးပါတယ်။ ကိစ္စအတော်များများမှာ ဆုံးဖြတ်ချက်တစ်ခုခုကို မပြုလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"