ဓာတ်အားခအပြောင်းအလဲနှင့် သူတို့အမြင် စကားဝိုင်း

ယမန်နေ့မှအဆက်

ဓာတ်အားခအပြောင်းအလဲနှင့် သူတို့အမြင်စကားဝိုင်းတွင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ Miss Universe Myanmar (2016) ထက်ထက်ထွန်းနှင့် ဦးကိုကို (စက်မှုတက္ကသိုလ်) တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ထက်ထက်ထွန်း။ ဒုတိယဝန်ကြီး ဆွေးနွေးပြောပြသွားတဲ့အပေါ်မှာ ထပ်ပြီး ဆွေးနွေးချင်တာ ရှိပါတယ်။ အခု ထပ်တိုးကောက်ခံမှာက တကယ်ပြည်သူတွေ သုံးတဲ့ ပမာဏလောက်ကို ပေးနေရတာ မဟုတ်သေးဘူးလို့လည်း ကြားသိရပါတယ်။ ကိုယ်တကယ် သုံးစွဲသလောက် မပေးရသေးဘူးဆိုတာ ပြည်သူတွေသိဖို့ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ အရင်ကတည်းက ဘာလို့ တိုးမကောက်ဘဲ အခုဘာလို့ တိုးကောက်တယ်ဆိုတာကို ပြည်သူတွေက သိချင်ကြပါတယ်။

ဒုတိယဝန်ကြီး။         တကယ်တမ်းပြောရရင် အရင်က နိုင်ငံကိုစီမံခန့်ခွဲတဲ့စနစ်က ဆိုရှယ်လစ်စနစ်နဲ့ သွားခဲ့ပါတယ်။ ဒီစနစ်မျိုးတွေမှာ အစစအရာရာ နိုင်ငံတော်က တာဝန်ယူတယ်ဆိုတဲ့  သဘောမျိုးဆန်ပါတယ်။ ဒါကြောင့်မို့ ကြီးကြီးမားမား စိုက်ထုတ်ပြီး အရှုံးခံ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ Market Orientation ကို အခြေခံဆောင်ရွက်တဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကွာခြားပါတယ်။ ဒီနေ့မှာတော့ နိုင်ငံရဲ့ စနစ်က ပြောင်းလဲသွားပြီး Open Market Policy ကို ပြောင်းလဲကျင့်သုံးနေပြီ ဖြစ်ပါတယ်။ ခုနက ဆွေးနွေးသွားကြသလို အရင်စနစ်မှာပဲ မွေးဖွားကြီးပြင်းလာပြီး အကျင့်ပါနေကြတယ်။ အခုပြောင်းလဲတဲ့အခါ အကျင့်ပါပြီး ဘာဖြစ်လို့ တိုးကောက်ကြသလဲ၊ ပုံမှန်နှုန်းကို ချဉ်းကပ်ကြသလဲဆိုတဲ့ အတွေးလေးတွေဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပြောင်းလဲဖို့ လိုအပ်လာနေပြီဆိုတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ဒေါက်တာအောင်ထွန်းသက်။ အလကားနီးပါး ရတဲ့သူကို တန်ရာတန်ကြေးပေးပါ ပြောရင် မပေးချင်ဘူး။ တန်ရာတန်ကြေးပေးပါလို့ ပြောရဲတဲ့သတ္တိက မနည်းလှဘူး။ အဲဒီတော့ subsidy  ဆိုတာဟာ ဘယ်မှာကျင့်သုံး သလဲဆိုရင် အုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်တဲ့ အစိုးရတွေမှာ ကျင့်သုံးလေ့ရှိတယ်။ ဈေးနှုန်းတွေ သတ်မှတ်ထားတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုတွေ ရယူတဲ့ပုံစံပါ။ အစိုးရက subsidy  လုပ်မယ်။ ပြဿနာ ဘာရှိလဲဆိုရင် အဲဒီလို ကြာရှည်လုပ်တော့ အစိုးရက ကြာတော့မခံနိုင်တော့ဘူး။ ဒီဆွေးနွေးပွဲမှာ အရေးကြီးတဲ့ စကားလုံးတစ်ခုက Good Governance ပါ။ နိုင်ငံတော်မှာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်တဲ့ စနစ်ရှိဖို့ လိုတယ်။ ဘဏ္ဍာငွေထဲကနေ subsidy လုပ်နေရင် နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုလုပ်ဖို့၊ တခြားသုံးဖို့ ငွေမရှိတော့ဘူး။ အဲဒီဟာကို နားလည်မှုလိုတယ်။

ရဲရဲတင်းတင်းဆောင်ရွက်တာကို ကြိုဆိုရမှာပါ

တစ်ယောက်ချင်းအနေနဲ့ကတော့ ဒါကြီးလာမပြောနဲ့၊ အိမ်မှာ မီတာခတက်သွားပြီ။ ဒါပဲ ရှင်းပေးပါ၊ ကျန်တာတွေ မသိချင်ဘူး ပြောမှာပဲ။ နောက်တစ်ခုက အစိုးရလို့ ပြောရင် အစိုးရက ဘယ်သူလဲ။ အစိုးရဆိုတာ ကိုယ်ပဲ။ ဒါကြောင့် ဒီငွေဟာလည်း ကိုယ့်ငွေပဲ။ အစိုးရဆီမှာ ကိုယ်ပိုင်ငွေမရှိဘူး။ အစိုးရငွေက ပြည်သူပေးထားတာကို စီမံခန့်ခွဲတာပါပဲ။ ကာလတို မကြည့်ပါနဲ့။ ကျွန်တော့်အနေနဲ့ စိတ်မကောင်းတာက မီးဆိုတာ ဘာမှန်းမသိတဲ့သူတွေရဲ့ အသံတွေ မကြားရဘူး။ တစ်နှစ်ပတ်လုံး မီးမရတဲ့ သူတွေ အများကြီးရှိသေးတယ်။ သူတို့အတွက် ဘာလုပ်ပေးမလဲ။ ဒါဆိုရင် ကိုယ်က အနစ်နာခံရမလား။ ဒီလိုလည်း မပြောပါဘူး။

ဒီတာဝန်ကို အစိုးရက ယူရမှာပါ။ လိုအပ်ရင်လည်း အမုန်းခံရမှာပါ။ အစိုးရ အနေနဲ့ အခုလို အမုန်းခံဆောင်ရွက်နိုင်တဲ့ သတ္တိလည်း လိုပါတယ်။ အချစ်ပဲခံချင်ရင်လည်း ရေရှည်မှာ နိုင်ငံအတွက် မကောင်းပါဘူး။ အခုလို ရဲရဲတင်းတင်း ဆောင်ရွက်တာကို ကြိုဆိုရမှာပါ။ ပူးပေါင်းပါဝင်ရမှာပါ။

ဒုတိယဝန်ကြီး။         ကျွန်တော်တို့နိုင်ငံမှာ ရေအားနဲ့ သဘာဝဓာတ်ငွေ့ကို အဓိကထားပြီး ဓာတ်အား ထုတ်လုပ်ဆောင်ရွက်နေပါတယ်။ ကျောက်မီးသွေးသုံး စက်ရုံဆိုလို့ တီကျစ်စက်ရုံတစ်ခုပဲ ရှိပါတယ်။ အဲဒီတော့ ရာခိုင်နှုန်းအားဖြင့် ၁ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းလောက်ပဲ ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ ရေအားဘက်ကနေ ၅၅ ရာခိုင်နှုန်းလောက်ရှိပြီးတော့ ကျန်တာက Gas Turbine  ကနေ ထုတ်ပါတယ်။ လတ်တလော သတင်းစာမှာ ဖိတ်ခေါ်လိုက်တဲ့ဟာက သဘာဝဓာတ်ငွေ့ကိုပဲ အသုံးပြုရဦးမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရင်းက ဒီနေ့ ဓာတ်အားတွေ မလုံလောက်ဘူး။ ကျွန်တော်တို့ ဖြေရှင်းရမှာ တစ်နှစ် နှစ်နှစ်အတွင်း ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလို တစ်နှစ် နှစ်နှစ်အတွင်း ဖြေရှင်းပေးနိုင်ဖို့အတွက် အဖြေရှာတော့ သဘာဝဓာတ်ငွေ့ကို  သုံးပြီး ထုတ်လုပ်တဲ့နည်းလမ်းက အချိန်ကိုက် ရေတိုဖြေရှင်းနိုင်မယ့် နည်းမို့ သွားတာပါ။

တိုးချဲ့ဆောင်ရွက်သွားမယ်

ဒါဆိုရင် ကာလလတ်နဲ့ ရေရှည်အတွက်တော့ Generation Mixed ကို ပြောင်းလဲရမှာဖြစ်ပါတယ်။ ဒီအတွက် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၊ အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း သုံးခုဟာ လက်ရှိတည်ဆောက်ဆဲ စီမံကိန်းတွေဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကို လာမယ့် နှစ်နှစ် သုံးနှစ်အတွင်း ပြီးစီးအောင် နိုင်ငံတော်က လုံလောက်တဲ့ ငွေလုံးငွေရင်း ဘတ်ဂျက်ကို ချထားပေးပြီးဖြစ်ပါတယ်။ ဒါကြောင့် အားတက်သရော ဆောင်ရွက်နေပါပြီ။ ပြီးတော့ ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်း (မဂ္ဂါဝပ် ၆၇၀) ကို ပြင်သစ်ကုမ္ပဏီနဲ့ လက်မှတ်ရေး ထိုးပါတယ်။ Joint Venture လုပ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါက ရေအားလျှပ်စစ်တွေကို အနာဂတ်မှာ တိုးချဲ့ဆောင်ရွက်သွားမယ်ဆိုတာကို ရှင်းပြ လိုတာဖြစ်ပါတယ်။

ရေအားလျှပ်စစ်အတွက် ကျွန်တော်တို့နိုင်ငံမှာ အရင်းအမြစ်တွေ ရှိပါတယ်။ ဒီအရင်းအမြစ်တွေကို အကျိုးရှိရှိအသုံးချဖို့ လုပ်ရမှာဖြစ်ပါတယ်။ လုပ်လည်း လုပ်နေ ပါပြီ။ ဒါပေမယ့် ရေအားလျှပ်စစ်ဆိုတာ သဘာဝအရ မိုးကောင်းလား၊ မိုးနည်းလား ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ဇွန်လသာ ကုန်သွားတယ်။ ဆည်တွေ ခုထိ ရေမဝင်သေးတဲ့အခါမှာ လျှပ်စစ် ထုတ်နိုင်ဖို့ အားနည်းပါတယ်။ ဒီလိုမျိုး ဖြစ်ပေါ် နိုင်တဲ့အတွက်ကြောင့် လျှပ်စစ်ကိုလည်း မပျက်ချင်ဘူး၊ အထူးသဖြင့် နွေရာသီမှာ ပူတော့ မီးမပျက်ချင်ဘူး။ ဒါပေမယ့် ရေခန်းနေ တော့ ထုတ်ပေးနိုင်တဲ့အားက နည်းနေတယ်။

ကျောက်မီးသွေးသုံးပြီး ထုတ်လုပ်တဲ့နည်းလမ်း

တစ်နှစ်ပတ်လုံး ဓာတ်အားထုတ်လုပ်ပေးနိုင်တဲ့ နည်းလမ်းဖြစ်တဲ့ သဘာဝ ဓာတ်ငွေ့ကို သုံးပြီး ထုတ်လုပ်ရင် ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးတယ်။ ဒီလိုမကြီးအောင် ကျောက်မီးသွေးသုံးပြီး ထုတ်လုပ်တဲ့ နည်းလမ်းကို Generation Mixed ထဲမှာ မျှမျှတတ သင့်တင့်လျောက်ပတ်အောင် ဆောင်ရွက်ရပါမယ်။ ဒီအခါမှာ အများစုက စိုးရိမ်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းထိခိုက်မှုတွေ ရှိမလား။ ဒါတွေအတွက် ကမ္ဘာမှာ လက်ခံကျင့်သုံးတဲ့ နည်းပညာမျိုးနဲ့ ကျွန်တော်တို့ ပြည်သူလူထုကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမယ့် နည်းလမ်းတွေကို ရွေးချယ်ပြီး စီစဉ်ဆောင်ရွက် သွားဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မင်းဘူးမှာ ဖွင့်လှစ်ခဲ့တဲ့ ဆိုလာမျိုးကိုလည်း ထည့်သွင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အနာဂတ်မှာ Generation Mixed ဟာ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်ကို မျှတအောင်ထိန်းညှိမယ့် အစီအမံတွေကို ဆောင်ရွက်သွားပါ့မယ်။

ဒေါက်တာအောင်ထွန်းသက်။           ဓာတ်အားပြောင်းလဲတာကိုပဲ စဉ်းစားနေတာ မဟုတ်ဘူး။ subsidy reform မဟုတ်ပါဘူး၊ sector reform ပါ။ ကဏ္ဍကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲတာပါ။ ဖြစ်နိုင်ရင်တော့ renewable source တွေ၊ မဟုတ်ရင် non renewable source တွေ၊ အခုဖြစ်နေ တာက Clean Energy ၊ Green Energy ပြောနေတယ်။ နိုင်ငံတော်ကလည်း MSDP ၊ Project Bank  တွေဆောင်ရွက်တယ်။ ဒုတိယဝန်ကြီး ခုနကဆွေးနွေး တဲ့အထဲမှာပါတဲ့ တင်ဒါတွေ ခေါ်တာလည်းပဲ Electricity Generation နဲ့ ပတ်သက် ပြီး Project Bank  ထဲမှာ ထည့်နိုင်ရင် ပိုကောင်းမှာပါ။ ပိုပြီး အရေးကြီးတာက ကိုယ့်နိုင်ငံအတွက် ရေရှည်အတွက် စဉ်းစားရင် Clean Energy ၊ Green Energy ကို အားပေးတဲ့နိုင်ငံဖြစ်ရင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လုပ်နေတာ Energy Friendly ၊ Environment Friendly ၊ Mixed ကတော့ ရှိရမှာပါပဲ။ အခုပြည်သူတွေက ကျောက်မီးသွေးကို ကန့်ကွက်ကြတယ်။ ယိုကိုဟားမားမှာလည်း ကျောက်မီးသွေး သုံးတယ်၊ ပဲရစ်မှာလည်းသုံးတယ်၊ ဂျာမနီမှာလည်းသုံးတယ်။ ကျောက်မီးသွေးသုံး နည်းပညာကမြင့်တယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်ရင်တော့ Sustainable Energy  ကိုပဲ ဖြစ်စေချင်တယ်။ အကောင်းဆုံးပါ။ ရာသီဥတုကို အခြေခံတဲ့ ရေအားလျှပ်စစ်က စိတ်မချရရင် ဆိုလာမျိုးကို စဉ်းစားစေချင်တယ်။

ဦးကိုကို(စက်မှုတက္ကသိုလ်)။              ကျွန်တော်တို့က ဒီနေ့ အများကြီး ဆွေးနွေးခဲ့ပါပြီ။ ဒါကြောင့် အဆုံးသတ်အနေနဲ့ ဆွေးနွေးအကြံပြု ချင်တာတွေရှိရင်လည်း ပြောကြားပေးကြပါ။

ဒေါ် ခိုင်ခိုင်နွယ်။        ကျွန်မကတော့ လုပ်ငန်းရှင်လည်း ဖြစ်တယ်။ လုပ်ငန်းရှင်တွေ ဘက်က ပြောရရင်တော့ ကိုယ့်လုပ်ငန်းကို အောင်မြင်အောင်၊ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ sector အောင်မြင်အောင် လုပ်ချင်ကြတယ်။ ကိုယ့် လုပ်ငန်းအောင်မြင်သလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး လုပ်ပေးချင်တဲ့ သူတွေပါ။ နိုင်ငံအနေနဲ့ Industrialization သွားတယ်၊ Value Chain သွားကြတဲ့အခါ အခြေခံ အဆောက်အအုံအတွက်ကတော့ လျှပ်စစ်ကတော့ မရှိမဖြစ် လိုအပ်တာပါ။ လျှပ်စစ်ပိုင်းဆိုင်ရာက အပြည့်အဝရခဲ့ရင် ဒါထက်ကို တိုးချဲ့ ပြီး လုပ်နိုင်မှာပါ။ ဒီအတွက် ဒုတိယဝန်ကြီးတို့အနေနဲ့ ကာလတိုနဲ့ လုပ်ပေးဖို့ ဆွေးနွေးချင်ပါတယ်။

ထက်ထက်ထွန်း။      ကျွန်မအနေနဲ့ ပြည်သူတွေဘက်က မီတာခတိုးပြီး ကောက်ခံတာနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမယ့် ဒီနေ့မှာ ဆွေးနွေးကြတဲ့အခါ နိုင်ငံတစ်ခုလုံးအတွက် ကိုယ့်သုံးနေရတဲ့ ပမာဏတစ်ခုကို နည်းနည်းထပ်တိုးပြီးတော့ ပေးလိုက်ရတဲ့ သဘောဖြစ်တာမို့ ဒါကိုအကောင်းဆုံး လက်ခံနိုင်ဖို့ ပြည်သူတွေအနေနဲ့ ကြိုးစားရတော့မှာပါ။ တကယ်လည်း ကိုယ်သုံးခဲ့တာဖြစ်တဲ့အတွက် လက်မခံလို့လည်း မရတော့ဘူး။ ပြည်သူတွေအနေနဲ့ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့အတွက် အချက်တစ်ခုက မီတာခကို အများကြီးမဆောင် ချင်ဘူးဆိုရင် အလေအလွင့်မရှိအောင် ဘယ်လိုသုံးစွဲရမယ်ဆိုတဲ့ အတွေးမျိုး ပြည်သူတွေဆီ ရောက်ရှိစေချင်ပါတယ်။

အလေ့အလွင့်ဖြစ်စေတာမျိုး အကျင့်ပါနေတာမျိုးရှိပါတယ်။ မီတာခ အများကြီး မဆောင်ချင်ပေမယ့် မလိုအပ်ဘဲ လေအေးပေးစက်တွေ ဖွင့်ထားတာ၊ ကွန်ပျူတာတွေ ဖွင့်ထားတာ ဒါမျိုးတွေရှိပါတယ်။ ဒါကြောင့် အလေအလွင့်မရှိဘဲ သေချာစိစစ် သုံးစွဲတတ်အောင် ဒုတိယဝန်ကြီးအနေနဲ့ ပြည်သူတွေကို ဘယ်လိုသတင်းစကား ပေးချင်တာရှိပါသလဲ။ ဒါကလည်း ဖြေရှင်းတဲ့နည်းထဲမှာ တစ်ချက်အဖြစ်ပါမယ် ထင်ပါတယ်။

ဒုတိယဝန်ကြီး။         ဝန်ကြီးဌာန၊ အစိုးရဆိုတာလည်း တကယ်တော့ ပြည်သူပါပဲ။ ပြည်သူတွေရဲ့ နေ့စဉ်နေမှု၊ ထိုင်မှုအားလုံး အဆင်ပြေဖို့ လုပ်တဲ့အခါ လျှပ်စစ်ဆိုတာ အဆင်ပြေစေဖို့ ဝင်ရောက်လုပ်ကိုင်ပေးတဲ့ ပြည်သူပါပဲ။ ဒီအခါမှာ ပြည်သူတွေအနေနဲ့ မီတာခတွေ အများကြီးမကျအောင် ကိုယ်သုံးစွဲတဲ့ အလေ့အထလေးတွေ မှန်မှန်ကန်ကန် နေထိုင်ဆောင်ရွက်ဖို့ အကြံပြုတာဖြစ်ပါတယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ လျှပ်စစ်ဓာတ်အားကို ဘယ်လိုချွေတာသုံးစွဲရမလဲဆိုတာ အကြံပြုချက်ကို ထုတ်လွှင့်ပေးနေတာရှိပါတယ်။ လိုက်နာဆောင်ရွက်ဖို့ ခက်ခဲမှု မရှိပါဘူး။ လျှပ်စစ်ကို မသုံးဘဲ ချွေတာပါလို့ ပြောတာမဟုတ်ပါဘူး။ လျှပ်စစ်ကို သုံးပါ။ ဒါပေမယ့် မဖြုန်းပါနဲ့။ လွဲတဲ့အသုံးမျိုး ဖြစ်မနေစေချင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ စက်မှုလုပ်ငန်းရှင်တွေကို အကြံပြုချင်တာက စက်မှုလုပ်ငန်း ကဏ္ဍမှာသုံးတဲ့ လျှပ်စစ်ပစ္စည်းတွေ ဝယ်ယူတဲ့အခါ Energy Efficiency  ကောင်းတဲ့ စက်တွေ ရွေးဖို့ အင်မတန်အရေးကြီးတယ်လို့ ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဓာတ်အားခနှုန်းထားတွေ အပြောင်းအလဲလုပ်ပြီးတော့ Save လုပ်နိုင်မယ့်ဝင်ငွေ ကနေ တစ်နိုင်ငံလုံးအတွက် ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့တည်ဆောက်ဖို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ပင်မဓာတ်အားခွဲရုံ အသစ်တွေလည်း တည်ဆောက်ပေးရဦးမှာ ဖြစ်ပါတယ်။ ဒီပင်မဓာတ်အားခွဲရုံတွေ တိုးချဲ့တည်ဆောက်သွားမှာဖြစ်ပြီးတော့ Transmission လိုင်းတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့ကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားမှာပါ။ ဒီဘဏ္ဍာရန်ပုံငွေတွေ ကို အလေအလွင့်မရှိဘဲ နိုင်ငံအတွက် အဓိကကျတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်သွားပေးဖို့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်သွားမှာပါ။ အနာဂတ် မျိုးဆက်သစ်တွေအတွက် လျှပ်စစ်နဲ့ပတ်သက်ပြီး ပြည့်စုံအောင် အဓိကထားပြီး ဖြေရှင်းသွားဖို့ ရည်ရွယ်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒေါက်တာအောင်ထွန်းသက်။           ဒီနေ့ဆွေးနွေးပွဲမှာ လျှပ်စစ်ဓာတ်အား ပြောင်းလဲတာနဲ့တင်မကဘူး။ Sectoral Reform အတွက်ပါ ဆွေးနွေးနိုင်ခဲ့တယ်။ နောက်ဆုံးချုပ်ရမှာကတော့ ပြည်သူတွေ တစ်ဦးတစ်ယောက်ချင်းကလည်း တာဝန်ယူဖို့လိုတယ်၊ တာဝန်သိဖို့ လိုပါတယ်လို့လည်း ဆွေးနွေးချင်ပါတယ်။ အဓိက လျှပ်စစ်နဲ့ ပတ်သက်လာရင် သုံးကြပါ၊ မဖြုန်းကြပါနဲ့ဆိုတဲ့ သတင်းစကားနဲ့ အဆုံးသတ်ချင်ပါတယ်။

ဦးကိုကို(စက်မှုတက္ကသိုလ်)။  အခုလို လာရောက်ဆွေးနွေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

ရှင်မင်း