ဓာတ်အားခအပြောင်းအလဲနှင့် သူတို့ အမြင်စကားဝိုင်းကျင်းပ

ဓာတ်အားခအပြောင်းအလဲနှင့် သူတို့အမြင်စကားဝိုင်းတွင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ Miss Universe Myanmar (2016) ထက်ထက်ထွန်းနှင့် ဦးကိုကို (စက်မှုတက္ကသိုလ်) တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-

ယမန်နေ့မှအဆက်

ဦးကိုကို (စက်မှုတက္ကသိုလ်) ။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်အနေနဲ့ ဒီအပေါ် မှာ ထပ်ပြီးဆွေးနွေးပေးပါဦး။

ဒေါက်တာအောင်ထွန်းသက်။           ဈေးနှုန်းဆိုတာ ဝယ်လိုအားနဲ့ ရောင်းလိုအားကို အခြေခံပါတယ်။ အခုဖြစ်နေတာက နိုင်ငံအနေနဲ့က တိုးတက်လာတယ်။ တိုးတက်လာတာနဲ့အမျှ Demand for Electricity ကလည်း တက်လာတယ်။ အရင်တုန်းက မသုံးတဲ့သူတွေ ပိုသုံးလာတယ်။ အိမ်တွေ၊ တိုက်ခန်းတွေက များလာတယ်။ ဒီလို Demand တက်လာတဲ့အပေါ်မှာ အခြေခံပြီးတော့ Supply  က လိုက်ရမှာဖြစ်ပါတယ်။ မလိုက်နိုင်တဲ့အခါ ဈေးနှုန်းမတည်ငြိမ်မှု ဖြစ်လာ မယ်။ နိုင်ငံတော်အစိုးရ အဆက်ဆက်မှာ Demand နဲ့ Supply ကိစ္စကို subsidy  နဲ့ စိုက်ထုတ်ပြီး ဖြေရှင်းတာပါ။ ကိုယ့်နိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အားလုံးမှာ ကြည့်ရင် subsidy rate  က ရှိကြတာပါပဲ။

အားလုံးကို စဉ်းစားစေချင်တာက ဈေးနှုန်းတက်တာတစ်ခုပဲ စဉ်းစားနေရင် ရေရှည်အတွက်က အခက်အခဲရှိနိုင်တယ်။ တစ်ခုက လျှပ်စစ်ပစ္စည်းက ပြည်သူပိုင် ပစ္စည်းလား သို့တည်းမဟုတ် စားသုံးသူတစ်ဦးချင်းနဲ့ဆိုင်တဲ့ ပစ္စည်းလား၊ အရင်တုန်း က ယူဆနေတာက လျှပ်စစ်ဟာ ပြည်သူပိုင်ပစ္စည်းလို့ ယူဆပြီးတော့ နိုင်ငံတော်ကပဲ အမြဲစိုက်ထုတ်ပေးခဲ့တယ်။ နိုင်ငံရေးဝေဖန်မှု ရှိမှာစိုးလို့ ဘယ်သူမှလည်း မလျှော့ရဲဘူး။ အခု subsidy ကို လျှော့တယ်ဆိုတာ အင်မတန်မှ သတ္တိရှိတဲ့ အစီအမံတစ်ခုပဲ။ စားသုံး သူဘက်ကိုတော့ သေချာရှင်းပြဖို့ လိုလိမ့်မယ်။ သေချာရှင်းပြရင်တော့ နားလည် လိမ့်မယ်လို့ထင်ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရတယ်၊ ဒီလိုလုပ်တဲ့အတွက် ဘာအကျိုး ရှိတယ်၊ လူတိုင်းမှာ Self Interest  ရှိပါတယ်။ ခုနက တိုးပေးရပေမယ့် မီးမပျက်ရင် တော်ပြီလို့ ဆွေးနွေးခဲ့တယ်။ တကယ်တမ်းတော့ တိုးတာမဟုတ်ပါဘူး။ subsidy ကို လျှော့လိုက်တာပါ။ ဒါတွေကို ပြည်သူတွေသိအောင် ရှင်းပြပေးဖို့ လိုပါတယ်။

စားသုံးသူကလည်း တာဝန်သိသိ စားသုံးဖို့လို

နောက်တစ်ခုက ပြောရင် လက်ခံကြမယ် မထင်ဘူး။ Responsible Business ရှိသလို Responsible Consumption  ပါ။ စားသုံးသူကလည်း တာဝန်သိသိ စားသုံးဖို့လိုပါတယ်။ တချို့အိမ်တွေမှာ လေအေးပေးစက်တွေ အခန်းတိုင်းရှိတယ်၊ ဖွင့်တာကလည်း ၂၄ နာရီ။ ရုံးမှာဆိုရင်လည်း ဒီလိုပါပဲ။ ဘာကြောင့်လဲ၊ subsidy ရှိနေတော့ သုံးလို့ရတယ်။ တကယ်တမ်းစဉ်းစားရင် ကိုယ့်ရဲ့စည်းကမ်းကို မြှင့်တင်ပေးတဲ့ သဘောလည်း ဖြစ်သည်။ ဒီလိုပြောရင်တော့ ဝေဖန်ကြမှာပါပဲ။ သက်သက်ကို မျက်စိမှိတ်ပြီး ထောက်ခံနေတယ်လို့ ပြောကြမှာပါ။ ဒါကထောက်ခံတာ မဟုတ်ပါဘူး။ တကယ်ဖြစ်နေတာပါ။

အခုလို ပြောကြတဲ့အခါ လုံးဝမီးမရတဲ့သူတွေရဲ့ အသံမကြားရဘူး။ ကန့်ကွက်မယ်လို့ ပြောနေကြတဲ့သူတွေက အိမ်မှာ မီးထိန်ထိန်လင်းပြီး အပြည့်အဝသုံးနေတဲ့ သူတွေက ကန့်ကွက်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ subsidy လျော့သွားတာကိုး။ ဒါတွေအတွက် နားလည်အောင် ရှင်းပြရင်တော့ လက်မခံနိုင်ရင်တောင် နားလည်မှုတော့ ရှိလာမယ်လို့ ထင်ပါတယ်။ ဒီနေ့ပွဲကလည်း လက်ခံအောင်လုပ်တဲ့ ပွဲမဟုတ်ဘဲ နားလည်မှုရှိလာအောင် လုပ်တဲ့ပွဲလို့ပဲ ယူဆပါတယ်။

ဦးကိုကို (စက်မှုတက္ကသိုလ်) ။    ဒုတိယဝန်ကြီး ရှင်းလင်းပြောကြားပြီးတဲ့နောက် ဆရာမက ပြန်ပြီးဆွေးနွေးချင်တာ ရှိနေတဲ့ အနေအထားမှာ။ ဆရာမအနေနဲ့ ဆွေးနွေးပေးပါဦး။

ဒေါ်ခိုင်ခိုင်နွယ်။         ဒုတိယဝန်ကြီး ဆွေးနွေးပြောပြသွားတာကို လက်ခံပါတယ်။ နိုင်ငံတော်က စိုက်ထုတ်တဲ့ ပမာဏတစ်ခုကို လျှော့ချလိုက်တာပါ။ အကျိုးသင့် အကြောင်းသင့် ရှင်းပြရင် အကုန်လုံးက လက်ခံပါလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်မ ခုနကဆွေးနွေးတုန်းက တက်ပါ၊ မပျက်ပါနဲ့လို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ သုံးစွဲသူဘက်ကကျတော့ စရိတ်ဖြစ်သွားတယ်။ ဒါပေမယ့် တက်လည်းတက်မယ်၊ မီးလည်း ပျက်မယ်ဆိုရင် ဒီဇယ်သုံးရတဲ့နှုန်းက အများကြီး တက်လာမယ်။ ကျွန်မတို့ လုပ်ငန်းရှင်တွေဘက်က ခုနက ခန့်မှန်းသလို ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း အများကြီးတက်သွားတယ်။

တခြားစရိတ်တွေ မတက်အောင် ဘယ်လိုများလုပ်ပေးမလဲ

နောက်တစ်ခုက စက်ပိုင်းဆိုင်ရာ အသုံးပြုမှုတွေ များလာတယ်။ ကွန်ပျူတာ အသုံးပြုမှု များပြားလာတယ်။ ဒါကြောင့် Voltage Stability  လည်း ထိန်းပေးဖို့ ပြောချင်ပါတယ်။ နိုင်ငံတော်ဘက်က စိုက်ထုတ်ထားတာ များနေတော့တက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဆီက ကုန်ကျစရိတ်ကို ဘယ်လိုလျှော့ပေးမလဲ။ Voltage Stability  မဖြစ်ရင် ကျွန်မတို့ အသုံးပြုတဲ့စက်တွေက Computerize Machine တွေဖြစ်တဲ့အတွက် ခဏခဏပျက်တယ်။ အမှန်အတိုင်းပြောရရင် အသစ်ပေါ်လာတဲ့ စက်တွေအတွက် နည်းပညာ ကျွမ်းကျင်သူက အလုံအလောက်မရှိဘူး။ မရှိတော့ ပစ္စည်းကို နိုင်ငံခြားမှာယူရတယ်။ ကုန်ကျစရိတ်ရှိသွားတယ်။ တစ်ခါတလေမှာ ပြည်ပက နည်းပညာကျွမ်းကျင်သူကို ခေါ်ရတဲ့အခါ ထုတ်လုပ်မှုလည်း နှောင့်နှေးတယ်။ အချိန်လည်း ပိုကြာသွားပြီး စရိတ်ပိုတက်ပါတယ်။ ဒါကြောင့် နိုင်ငံတော် စိုက်ထုတ်ထားတာရှိတော့ ဒီဘက်ကတက်တာက တက်ပါ။ ဒါပေမယ့် တခြားစရိတ်တွေ မတက်အောင် ဘယ်လိုများလုပ်ပေးမလဲ။ ဒီဇယ်မသုံးရအောင် ပိုထိန်းပေးထားနိုင်ရင် ဝမ်းပန်းတသာ ဖြစ်မှာပါ။

ကျွန်မတို့ အထည်လုပ်ငန်းဆိုတာ လူအင်အား အများကြီးသုံးရတယ်။ ကျွန်မတို့ဆီက စက်တစ်လုံးကို မြင်းကောင်ရေ ၁ မတ်လောက် သုံးပါတယ်။ ဒါက ရိုးရိုးစက်ပါ။ ဒါထက်ပိုသုံးတဲ့ စက်တွေလည်း ရှိပါတယ်။ တခြားလျှပ်စစ်ဓာတ်အား အများကြီး သုံးရတဲ့ လုပ်ငန်းတွေမှာ သူတို့ရဲ့ ကုန်ကျစရိတ်ကို ထုတ်ကုန်အပေါ်မှာပဲ တင်ရတော့မှာပါ။ ဒီလိုတင်ရင် စားသုံးသူအတွက် စိတ်ပူမိပါတယ်။

ဦးကိုကို (စက်မှုတက္ကသိုလ်) ။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်တဲ့အခါမှာ နှုန်းထား အမျိုးမျိုးရှိပါတယ်။ ဘာကြောင့် နှုန်းထားအမျိုးမျိုး သတ်မှတ်တယ်ဆိုတာ ဒုတိယဝန်ကြီးအနေနဲ့ ပြောပြပေးပါခင်ဗျ။ ပြီးတော့ ဒုတိယ ဝန်ကြီးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပါရစေ။ လျှပ်စစ်ဓာတ်အားခနဲ့ ပတ်သက်ပြီး တွက်ချက်ရာမှာ ဝန်ကြီးဌာနကနေ မှားယွင်းတွက်ချက်တာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီတော့ နှုန်းထားတွေများတဲ့အခါ မီတာခတွေ မှားယွင်းဖတ်မိသွားမလားဆိုပြီး စိတ်ပူတာမျိုးတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဒုတိယဝန်ကြီးအနေနဲ့ ဆွေးနွေးပေးပါဦးခင်ဗျ။

ဒုတိယဝန်ကြီး။         ကျွန်တော်တို့ ဒီဓာတ်အားခ နှုန်းထားပြောင်းမယ်လို့ စဉ်းစားတဲ့ အချိန်မှာ ဘယ်လိုပြောင်းသင့်သလဲဆိုတာကို အရင် Analysis လုပ်ရပါတယ်။ တစ်နိုင်ငံလုံးမှာ မီတာတစ်လုံးချင်းစီက တစ်လချင်းစီမှာ ဓာတ်အားယူနစ်ဘယ်လောက် သုံးသလဲဆိုတာတွေကို Data Base  တွေ ဆောက်သွားပါတယ်။ ဒီလိုဆောက်ပြီးတော့မှ အခြေခံလူတန်းစား ဦးရေက ဘယ်လောက်များနေသလဲ။ လျှပ်စစ် ဘယ်လောက်သုံးသလဲ။ ဒါတွေကို အရင်လေ့လာ ရပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး နောက်ဆုံးထွက်လာတဲ့ တစ်လ ယူနစ် ၃၀ အောက် သုံးတဲ့သူအုပ်စုကို ပထမအုပ်စုအဖြစ် ခွဲခြားခဲ့ပါတယ်။ အဲဒီပထမ အုပ်စုထဲမှာပါတဲ့ မီတာသုံးစွဲတဲ့သူ ဦးရေ ပမာဏဟာ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ ဦးရေရဲ့ ၂၅ ရာခိုင် နှုန်း ရှိပါတယ်။ အိမ်ထောင်စုဦးရေက ၁ သန်းလောက်ရှိပါတယ်။ နိုင်ငံမှာ လျှပ်စစ်မီး ရနေတာက ၄ သန်းကျော်ရှိပါတယ်။ ၁ သန်းခန့်က ယူနစ် ၃၀ အောက်ပဲသုံးပါတယ်။

ဦးကိုကို (စက်မှုတက္ကသိုလ်) ။ ၂၅ ရာခိုင်နှုန်းက ယူနစ် ၃၀ သုံးတယ်ဆိုတော့ တော်တော်နည်းပါတယ်။ ဒုတိယဝန်ကြီးတို့အနေနဲ့ ဒီစာရင်းတွေကို ဘယ်လို ကောက်ခဲ့တာလဲ။ လျှပ်စစ် ၂၄ နာရီရတဲ့ မြို့တွေရှိသလို နေ့တစ်ဝက်လောက်ရတဲ့ မြို့တွေရှိတယ်၊ အချိန်ပိုင်းရတာတွေရှိတယ်၊ အချိန်ပိုင်းရတဲ့သူတွေ များနေသလား၊ အချိန်ပိုင်းရတဲ့ သူတွေအနေနဲ့ ရတဲ့အချိန်က နည်းတဲ့အတွက် သုံးစွဲမှုကလည်း နည်းသွားမယ်၊ အဲဒါကို သိချင်ပါတယ်။ ၂၅ ရာခိုင်နှုန်းက ယူနစ် ၃၀ ဖြစ်နေတယ်ဆိုတော့ ဘယ်လိုကောက်တာလဲဆိုတာ သိချင်ပါတယ်။

ဒုတိယဝန်ကြီး။         ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂၀၁၇-၂၀၁၈ ခုနှစ်တွေမှာ ကျွန်တော်တို့က အချိန်ပြည့် တစ်နှစ်ပတ်လုံး ၂၄ နာရီ လျှပ်စစ်ဓာတ်အား ပေးထားတဲ့ ဧရိယာတွေကိုပဲ ကောက်ပါတယ်။ တစ်နည်းအားဖြင့် ဒီဇယ်မီးစက်တွေနဲ့ တစ်နေ့ကို နာရီပိုင်းပဲ မီးပေးတဲ့ အိမ်ထောင်စုတွေကို မကောက်ပါဘူး။ အဲဒီလိုပဲ ၂၄ နာရီ ဓာတ်အားပေးထားပေမယ့် လတိုင်း လတိုင်းမှာ ဘယ်လောက်ပဲ သုံးစွဲမှုရှိတယ် ဆိုတာကို အခြေပြုလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနစ် ၃၀ အောက်သုံးတဲ့ မီးပေးထားတဲ့ အိမ်ထောင်စု စုစုပေါင်း ၄ သန်းကျော်ထဲမှာ ၁ သန်း ကျော်ဟာ ယူနစ် ၃၀ အောက်ပဲ သုံးပါတယ်။ ကျွန်တော်တို့ အပြောင်းအလဲ လုပ်မယ်ဆိုရင် သူတို့ကို မူလနှုန်းထားဖြစ်တဲ့ ၃၅ ကျပ်နှုန်းနဲ့ ဆက်ရောင်းမယ်ဆိုတဲ့အတွက် လက်ရှိ မီးရပြီးသူရဲ့ ၂၅ ရာခိုင်နှုန်းဟာ နှုန်းထား အပြောင်းအလဲဖြစ်တဲ့ အစီအစဉ်မှာ သူတို့ အတွက် ဘာမှထိခိုက်မှုမရှိအောင် ဦးစားပေးစဉ်းစားခဲ့ပါတယ်။

ဘယ်နေရာတွေမှာ နေထိုင်ကြသလဲဆိုတာ လေ့လာကြ

အဲဒီလို လေ့လာတဲ့အခါမှာ တစ်နိုင်ငံလုံး စာရင်းကောက်တယ်ဆိုသည့်တိုင်၊ ယူနစ် ၃၀ အောက်စာရင်းတွေ ပေါ်လာတဲ့အချိန်မှာ ဘယ်မြို့နယ်၊ ဘယ်နေရာတွေမှာ နေထိုင်ကြသလဲဆိုတာ လေ့လာကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ နေထိုင်ကြတဲ့ လှိုင်သာယာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှည်းကူး ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရှိတဲ့ မြို့နယ် အသီးသီးမှာလည်း ဒီပမာဏကို သုံးစွဲတဲ့ အိမ်ထောင်စုတွေအများကြီး ရှိတယ် ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့က တစ်နိုင်ငံလုံးကို ခြုံပြီး မျှမျှတတစဉ်းစားခဲ့တာ ဖြစ်ပါတယ်။ ဆရာခုနက မေးသလို ဘာလို့ အလွှာတွေများသွားသလဲဆိုရင် အခြေခံဝင်ငွေ အားနည်းတဲ့ မိသားစုတွေ မထိခိုက်အောင် မူလ ၃၅ ကျပ်အတိုင်း ဆက်ပြီး ထားတဲ့အခါမှာ မူလက subsidy ပမာဏဟာ ဆက်လက်ကြီးမားနေမှာ ဖြစ်ပါတယ်။ subsidy တွေလျော့ဖို့ဆိုရင် တချို့သုံးစွဲသူတွေကိုတော့ ဓာတ်အားခ အနည်းငယ် ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အနည်းငယ်ပြောင်းလဲဖို့ စဉ်းစားတဲ့အခါ ချက်ချင်း နှုန်းထား တစ်ခုကို ၃၅ ကျပ်ကနေ ၈၀၊ ၉၀၊၁၀ဝ ကို ဆွဲမြှင့်လိုက်ရင် ချက်ချင်းကွာဟမှု အကြီးကြီးပေါ်သွားပါမယ်။

ဒါကြောင့် နောက်ထပ် ဒုတိယအုပ်စုအဖြစ် ယူနစ် ၅၀ အောက်သုံးတဲ့ သုံးစွဲသူ အုပ်စုကို ထပ်ပြီးခွဲချလိုက်တဲ့အခါမှာ အဲဒီအုပ်စုက အိမ်ထောင်စုပေါင်း ၃ ဒသမ ၆ သိန်းလောက်ရှိပါတယ်။ မီးရရှိပြီးသူရဲ့ ၉ ရာခိုင်နှုန်းလောက်က အဲဒီ Range ထဲမှာ ဆက်လက်ရှိပါတယ်။ အဲဒီပြည်သူတွေအတွက်ကို ကျွန်တော်တို့က အရင် ၃၅ ကျပ် ကနေ ယခု ၅၀ ပြောင်းလဲတဲ့အတွက်ကြောင့် တစ်ယူနစ်မှာ ၁၅ ကျပ်လောက် တိုးသွား ပါတယ်။ ယူနစ် ၂၀ အတွက် အဲဒီ မိသားစုက တစ်လမှာ ငွေ ၃၀ဝ ကျပ်တိုးပြီးဆောင်ရမယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။

၅၁ ယူနစ်ကနေ ၇၅ ယူနစ်ကြားကို သုံးတဲ့ အိမ်ထောင်စုပေါင်းက ၄ ဒသမ ၄ သိန်းရှိတယ်ဆိုတာ ကောက်ခံတွေ့ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဓာတ်အားခနှုန်းထား ပြောင်းလိုက်တဲ့ အချိန်မှာ တစ်လတစ်လ သူတို့ရဲ့ ထပ်ပြီး ကုန်ကျစရိတ်က ၁၁၇၅ $ကျပ် ပိုလာမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ၇၆ ယူနစ် ကနေ ၁၀ဝ ယူနစ်အကြား စားသုံးသူဦးရေကိုတွက်တဲ့အခါ ၄ သိန်းခန့်ရှိပါတယ်။ အဲဒါကလည်း ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ အဲဒီလိုတွက်ချက်တဲ့အတွက် အလွှာတွေ များသွားပါတယ်။

အိမ်ထောင်စုတွေမှာ လျှပ်စစ်ပစ္စည်းတွေ တော်တော်ကိုပြည့်စုံတဲ့ မိသားစုတွေ သုံးတဲ့ ပမာဏကို လေ့လာလိုက်တဲ့အခါ သူတို့က လျှပ်စစ်ပစ္စည်းတွေလည်း များတယ်၊ လျှပ်စစ်လည်းအသုံးများတယ်၊ လျှပ်စစ်ပစ္စည်းတွေ များများစားစား သုံးနိုင်တဲ့ စွမ်းရည်လည်းရှိတယ်။ သူတို့တွေရဲ့ လျှပ်စစ်ဓာတ်အားခ နှုန်းထားကိုတော့ ပိုပြီးမြှင့်ခဲ့ရပါတယ်။

ဒီလိုနှုန်းတွေ အများကြီးဆောင်ရွက်လိုက်တဲ့အတွက် လျှပ်စစ်ဓာတ်အားခ တွက်တဲ့အခါ မခက်ဘူးလားဆိုတာကိုလည်း ကျွန်တော်တို့ စဉ်းစားခဲ့ရပါတယ်။ စဉ်းစားတဲ့အခါမှာ ဘာလုပ်လဲဆိုရင် Computer Program တွေ ရေးရပါတယ်။ မီတာခ တွက်တဲ့အခါ တစ်လ ယူနစ် ၃၀ ဆိုရင် ဘယ်လောက်ကျမလဲဆိုတာ တွက်ချက်တဲ့ ကွန်ပျူတာ ဆော့ဝဲရေးပါတယ်။ ဒါတွေကို ရုံးတွေအားလုံးဖြန့်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ့ ငွေကောက်ခံနိုင်တဲ့ စနစ်မရှိတဲ့ ကျေးလက်က ရုံးတွေအတွက်ကိုလည်း အသင့်သုံး ဇယားလေးတွေ တည်ဆောက်လိုက်ပါတယ်။

ဆိုလိုချင်တာက အိမ်တစ်အိမ်မှာ သူတို့သုံးတဲ့ယူနစ်က ယူနစ် ၆၀ ကိုကြည့်လိုက်ရင် တစ်ဖက်မှာ ကောက်ခံရမယ့် ယူနစ်ဘယ်လောက်လဲ ကြည့်ပြီး တစ်ဖက်မှာငွေပမာဏ ဘယ်လောက်ကျသင့်တယ်ဆိုတဲ့ လော်ဂရစ်သမ်လို ဇယားပုံစံမျိုး ဆောင်ရွက်ခဲ့ပါတယ်။ ယူနစ် ဘယ်လောက်လဲ၊ ကျသင့်ငွေ ဘယ်လောက်လဲဆိုတာကို ငွေကောက်ရမယ့် စာရေးတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်ရလေအောင် ဆောင်ရွက်တဲ့ နည်းတစ်နည်းဖြစ်ပါတယ်။

နောက်တစ်နည်းက အသင့်သုံးနိုင်တဲ့၊ အင်မတန်လွယ်တဲ့  Formula ကို ဂဏန်း တွက်စက်နဲ့ တွက်လို့ရအောင် ဖန်တီးပေးထားပါတယ်။ ဒါတွေကို အများပြည်သူသိဖို့အတွက် ရုံးတွေမှာ ချိတ်ထားပေးမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဝန်ထမ်းတွေမှာလည်း အခက်အခဲမရှိရလေအောင်၊ တွက်ချက်မှုတွေလည်း မမှားအောင်၊ ပြည်သူတွေဘက်မှာလည်း နစ်နာမှုတွေမရှိအောင် ဒါတွေကိုတော့ ကြိုတင်စဉ်းစား ဆောင်ရွက် ထားပါတယ်။

ရှင်မင်း(ဆက်လက်ဖော်ပြပါမည်)