ဒဂုံတောင်မြို့နယ်အတွင်း ရွှေထည်ပစ္စည်းများ လုယူသွားသူ ၂ ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ရန်ကုန်    ၁၈   ဇူလိုင် 


၂၇.၃.၂၀၁၉ ရက်နေ့ ၁၈၀ဝ အချိန်တွင် ဒဂုံတောင်မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှိုင်စံပယ်လမ်းနေ တရားလို ဒေါ် ---- သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ အောင်သုခဘုန်းကြီးကျောင်းမှ တူဖြစ်သူနှင့် အတူစက်ဘီးစီး၍ ပြန်လာစဉ် ဒဂုံတောင်မြို့နယ်၊ (၆၆)ရပ်ကွက်၊ အင်းဝအိမ်ယာရှေ့၊ မြိတ်လမ်းအရောက်တွင် အမည်မသိအမျိုးသား(၂)ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စက်ဘီးရှေ့ခြင်းအတွင်း ထည့်ထားသော ပန်းရောင်စလင်းဘတ်အိတ်အား လုယူသွားခဲ့ရာ ၎င်းအိတ်အတွင်း ထည့်ထားသော ရွှေထည်ပစ္စည်းများ၊ ငွေနှင့်လက်ကိုင်ဖုန်း(၁)လုံး၊ စုစုပေါင်းတန်ဖိုးငွေ ၁၃၄၈၁၈၀ဝ ကျပ် ခန့်ပါဆုံးသွားသဖြင့် ဒဂုံတောင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။    ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အမှုမှတရားခံများအား အမြန်ဖော်ထုတ် ဖမ်းဆီးဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိုမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုမှ တရားခံအား အမြန်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ရတနာပစ္စည်များအား လုယက်ထွက်ပြေး သွားသူများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက် နေသူများဖြစ်သည့် ဇော်ထက်(ခ)ကိုထက် နှင့် အောင်ကျော်ဝင်း(ခ)စောထီး တို့(၂)ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးရာ ဇော်ထက်(ခ) ကိုထက်အား ၂၆.၆.၂၀၁၉ ရက် ၁၁ နာရီ ၃၅ မိနစ်တွင် ၎င်း၏မိဘများနေထိုင်ရာ ဧရာဝတီတိုင်းဒေသ ကြီး၊ လပွတ္တာမြို့နယ်၊ ဖျာလိပ်ကြီးကျေးရွာအုပ်စု၊ လက်ယာရေချမ်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ အောင်ကျော်ဝင်း(ခ)စောထီးသည် လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသဖြင့် ၎င်းအား ထောင်ထုတ်မိန့်ဖြင့် ၁.၇.၂၀၁၉ ရက်နေ့တွင် အမှုဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ဇော်ထက်(ခ)ကိုထက် နှင့်အတူ ပြစ်မှုအားကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ပါသည်။ 


အမှုမှ ရွှေထည်ပစ္စည်းများ လုယူသွားသူ(၂)ဦးအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး သက်သေခံ ပစ္စည်းများအား သိမ်းဆည်းရရှိပြီးဖြစ်၍ ဥပဒနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


သတင်းစဉ်