ဒဂုံနှင့် ငွေကြယ်ပွင့်အသင်း ရှုံးထွက်ဒုတိယအဆင့်သို့ တက်ရောက်

၁၄ မတ်

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့် (ဒုတိယနေ့) ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဒဂုံအသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ နောက်တစ်ဆင့်တက်သွားပြီး MNL ကလပ် Chinland အသင်းမှာမူ မထင်မှတ်ဘဲရှုံးပွဲကြုံတွေ့ကာ ပြိုင်ပွဲမှစောစီးစွာ ထွက်ခဲ့ရသည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံအသင်းက မောရဝတီအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီတွင် MNL သို့ တန်းတက်ခွင့်ရထားသည့် ဒဂုံအသင်းသည် မောရဝတီအသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့သည်။ မောရဝတီအသင်းသည် ယခုပွဲတွင် ထူးထူးခြားခြား လုပ်ပြနိုင်ခြင်းမရှိဘဲ ပထမအဆင့်မှ ထွက်ခဲ့ရသည်။

နှစ်သင်းစလုံး နိုင်ငံခြားသားကစားသမားများအပါအဝင် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သော်လည်း မောရဝတီအသင်းမှာ ကစားကွက်တည်မရဖြစ်နေသောကြောင့် ဒဂုံအသင်းက ပွဲစကတည်းက ဖိကစားနိုင်ခဲ့သည်။ သို့သော် အဆုံးသတ်အားနည်းမှုကြောင့် ဒဂုံအသင်းသည် ၂၉ မိနစ်မှ အဖွင့်ဂိုးရခဲ့သည်။ ဒဂုံအသင်းအတွက် အဖွင့်ဂိုးကို ဇာမာက သွင်းယူခဲ့ပြီး ၃၆ မိနစ်တွင် မျိုးမင်းဇော်က ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ဒဂုံအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၇၂ မိနစ်တွင် အောင်ခိုင်ထွန်း၊ ၇၇ မိနစ်တွင် ဇွဲခန့်တို့က သွင်းယူခဲ့သည်။ ဒဂုံအသင်းသည် ဒုတိယအဆင့်တွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် ငွေကြယ်ပွင့်အသင်းက Chinland အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီ ပထမတန်းအမှတ်ပေးပြိုင်ပွဲတွင် ပထမအကျော့၌ ရလဒ်များဆိုးရွားပြီး ပွဲတိုင်းရှုံးထားသည့် ငွေကြယ်ပွင့်အသင်းသည် ယခုပွဲတွင် MNL ကလပ် Chinland အသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။ Chinland အသင်းသည် နိုင်ငံခြားသားကစားသမားများ ပါဝင်သော်လည်း ငွေကြယ်ပွင့်ကို အနိုင်မယူနိုင်ဘဲ ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ငွေကြယ်ပွင့်အသင်းအတွက် အနိုင်ဂိုးကို ၈၈ မိနစ်တွင် ဇော်ဇော်ထွန်းက သွင်းယူခဲ့သည်။ ငွေကြယ်ပွင့်အသင်းသည် ဒုတိယအဆင့်တွင် Southern အသင်းနှင့် တွေ့ဆုံနေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်