ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေ အကျိုးခံစားခွင့် ပေးအပ်

ရန်ကုန် ၂၄ ဇွန် 


ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ကျန်းမာရေး စစ်ဆေးခံရန် ယာယီပိတ်သိမ်းခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်ပွဲကို ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံး၌ ပြုလုပ်သည်။


ထောက်ပံ့ငွေပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးထွန်းကြိုင်နှင့် တာဝန်ရှိသူများက လူမှုဖူလုံရေးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Anita Asia အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၂၈၀)အတွက် ထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း၊ ရက်ပေါင်း (၉)ရက်အတွက် ငွေကျပ် ၅၉၄၈၅၂၀ နှင့် အလုပ်ဌာန(၉)ဌာနမှ အာမခံ အလုပ်သမား (၂၅၄)ဦးအတွက် ထောက်ပံ့ကူညီမှု  အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ဖြစ်သည့် ငွေကျပ် (၇၉၆၉၂၉၃ ဒသမ ၃၃) ကို အလုပ်ဌာန ကိုယ်စားလှယ်များအား ပေးအပ်သည်။

 


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်မှ ဇွန် ၂၃ ရက်အထိ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို အလုပ်ဌာန(၉၉)ဌာန၊ အာမခံအလုပ်သမား (၁၂၂၀၃)ဦး အတွက် ခွင့်ပြုသည့်ငွေကျပ် (၃၀၁၅၇၅၆၃၄ ဒသမ ၂၃) ကို ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


ယနေ့ လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


သတင်းနှင့်ဓာတ်ပုံ-နေလင်း