ဒဂုံမြို့နယ်၌  ပြည်သူများ သား၊ ငါးနှင့် အသီးအနှံ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး Mobile Market ဈေးကားဖြင့် ဒုတိယအကြိမ် ရောင်းချပေး

ဒဂုံ ၅ နိုဝင်ဘာ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း  ပြည်သူများသား၊ ငါးနှင့်အသီးအနှံ သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းတို့က ယနေ့ နံနက် ၇ နာရီက ယောမင်းကြီးရပ်ကွက်၌ မော်တော်ယာဉ်(၈)စီးဖြင့် ဒုတိယအကြိမ် ရောင်းချပေးကြောင်း သိရသည်။

 

ရောင်းချပေးရာတွင် သန့်ရှင်းလတ်ဆတ်ပြီး အသား၊ ငါးနှင့် အသီးအနှံများကို ဝယ်ယူသူ အဆင်ပြေစေရန် ဈေးတင်ရောင်းချခြင်းမရှိဘဲ ဈေးနှုန်းချိုသာစွာ ဝယ်ယူရသဖြင့် ငါးရက်တစ်ကြိမ် ရောင်းချပေးစေလိုကြောင်းကို ယောမင်းကြီးရပ်ကွက်ပြည်သူတစ်ဦးက ပြောသည်။

 

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  နည်းလမ်းများနှင့်အညီ   ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)