ဒေသတွင်းယှဉ်ပြိုင်နိုင်၍ နိုင်ငံ့စီးပွားမြှင့်တင်

၁၆   အောက်တိုဘာ

 

မြန်မာနိုင်ငံသည် စက်မှုနိုင်ငံမဟုတ်သော်လည်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ အစဉ်အဆက် ထွန်းကားခဲ့သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း ဈေးကွက်စီးပွားရေးစနစ် မကျင့်သုံးမီကတည်းက အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားခဲ့ပြီး မျက်မှောက်ကာလတွင် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ၉၉ ရာခိုင်နှုန်းအထိ ဖြစ်ထွန်းနေသည်ကို မြင်တွေ့ရသည်။

 

ထိုသို့ ဖြစ်ထွန်းနေသော်လည်း ပြည်တွင်း၌ အငယ်စား၊ အသေးစား၊ အလတ်စားကုန်စ္စည်းများကို ပြည်သူများ သုံးစွဲရာတွင် ပြည်ပမှ လူသုံးကုန်ပစ္စည်းများအား အများဆုံးအသုံးပြုကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ပြည်တွင်းအသုံးပြုရန်အတွက် စက်မှုထုတ်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းပြီး သုံးစွဲကြသည်သာမက ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် စားသောက်ကုန် အားလုံးနီးပါးကိုပင် ပြည်ပမှတင်သွင်းနေသည်ကို တွေ့ရသည်။

 

ပြည်တွင်း၌ ပြည်ပကုန်ပစ္စည်းများကို ပိုမိုနှစ်သက်အသုံးပြုကြခြင်း အကြောင်းမှာ အရည်အသွေး ကောင်းမွန်ခြင်း၊ စံချိန်စံညွှန်းမီခြင်း၊ ထုပ်ပိုးမှုကောင်းမွန်ခြင်း တို့ကြောင့်ဟု အကြမ်းဖျင်းဆိုရမည် ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၎င်းနိုင်ငံမှ ထုတ်လုပ်သော စားသောက်ကုန်များကို ပြည်ပသို့တင်ပို့ရာ၌ ကမ္ဘာပေါ်တွင် အဆင့် ၁၃ ရှိပြီး အာရှတွင် အဆင့်သုံးရှိသည်။ အများဆုံးတင်ပို့သော စားသောက်ကုန်များမှာ ဆန်၊ ကြက်သား၊ သကြား၊ ပုစွန်၊ စည်သွပ်ဘူး၊ တူနာငါးနှင့် နာနတ်သီးတို့ ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ထိုကုန်ပစ္စည်းများအပါအဝင် သား၊ ငါးနှင့် သီးနှံမျိုးစုံ အမြောက်အမြား ထွက်ရှိသော်လည်း ထိုင်းနိုင်ငံမှ သီးနှံအချို့ကိုပင် မြန်မာနိုင်ငံသို့ တင်သွင်းနေသည်မှာ အံ့ဩဖွယ်ဖြစ်သည်။ အမှန်တကယ်တွင် စားသောက်ကုန်များကို မြန်မာနိုင်ငံမှ တင်ပို့ရန်ဖြစ်သော်လည်း အရည်အသွေးနှင့် စံချိန်စံညွှန်းမမီသဖြင့် မျှော်မှန်းသလောက် မတင်ပို့နိုင်ဘဲ ပြည်တွင်းမှ ထွက်ရှိနေသည့် အသီးအနှံများကိုပင် ပြည်ပမှ ပြန်လည်တင်သွင်းနေသည်မှာ မဖြစ်သင့်၊ မဖြစ်ထိုက်ချေ။

 

ထို့ကြောင့် နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကိုအခြေခံသော စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက် မြင့်မားလာစေရန်အတွက် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား အားပေးမြှင့်တင် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရန် အားပေးလျက်ရှိသည်။ နည်းပညာကိုအသုံးပြုပြီး ကုန်ပစ္စည်းများ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ရန် တီထွင်ကြံဆ လုပ်ကိုင်ကြရမည် ဖြစ်သည်။

 

ပြည်တွင်းကုန်ကြမ်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ပါမှ ဒေသတွင်းထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထိုသို့ ထုတ်လုပ်တင် ပို့ဝင်ရောက်နိုင်ပါမှ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိပြီး စီးပွားရေးဈေးကွက် တည်ငြိမ်ခိုင်မာလာမည်ဖြစ်သည်။ နိုင်ငံတကာ အနေဖြင့် မြန်မာနိုင်ငံမှ ထုတ်ကုန်သီးနှံများကို နှစ်သက်သဘောကျသော်လည်း အရည်အသွေးနှင့် စံချိန်စံညွှန်း အားနည်းချက်များ ရှိသောကြောင့် မျှော်မှန်းသလောက် ခရီးမပေါက်သလို ဖြစ်နေခဲ့သည်။ ဈေးကွက်မဝင်သဖြင့် စိုက်ပျိုးသူ တောင်သူများအတွက်လည်း ထိခိုက်နစ်နာမှု ဖြစ်ကြရသည်။

 

သို့ဖြစ်ရာ မျက်မှောက်ကာလ စီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရာတွင် သွင်းကုန်များလျှော့ချရေးနှင့် သွင်းကုန်အစားထိုး ကုန်ပစ္စည်းများ ထုတ်လုပ်ရေးကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး အသေးစား လုပ်ငန်းများကိုအခြေပြု၍ ဆန်းသစ်သည့် အတွေးအခေါ်၊ အသိအမြင်များဖြင့် ပိုမိုကောင်းမွန်သည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်မှသာ ဒေသတွင်းလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး နိုင်ငံ့စီးပွား မြင့်မားတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ