ဒေသခံတိုင်းရင်းသားများအတွက် အရေးပါလှသော သံလွင်မြစ်ကူးကြိုးတံတားသစ်(တာဆန်း) တည်ဆောက်

ရန်ကုန် ၃၁ ဩဂုတ်

သံလွင်ကြိုးတံတား (တာဆန်း)သည် ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) ကို ဆက်သွယ်သော နမ့်ဆမ်- မိုးနဲ- မိုင်းပန်မိုင်းတုံ- မိုင်းဆတ်- တာချီလိတ်ကားလမ်း မိုင်းပန်မြို့နယ်တွင် တည်ရှိပြီး ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် လည်းကောင်း၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လည်းကောင်း အရေးပါလှသော တံတားကြီးဖြစ်သည်။ အဆိုပါတံတားကြီးကို ယခုအခါ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃)က တည်ဆောက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၁၀၀၀၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၁၀၀၀ နှင့် ကိုဗစ်-၁၉ ပြန်လည်အပ်နှံ ရန်ပုံငွေကျပ်သန်း ၅၀၀ ဖြင့် တည်ဆောက်လျက်ရှိရာ တံတားတစ်စင်းလုံး ခြောက်ရာခိုင်နှုန်းပြီးစီးပြီဟု သိရသည်။

အဆိုပါကြိုးတံတားကြီး ဆက်လက်တည်ဆောက်ရန်အတွက် ဩစတြီးယားနိုင်ငံ Uni Credit Bank မှ အတိုးမဲ့ချေးငွေ ယူရို ၈ ဒသမ ၄ သန်းချေးယူ၍ ဆက်လက်တည်ဆောက်သွားမည်ဟု သိရသည်။

ကြိုးတံတားဟောင်းမှာ ၁၆ တန်သာ ခွင့်ပြုနိုင်သောကြောင့် ၁၀ ဘီးနှင့်အထက် ကုန်တင်ယာဉ်ကြီးများ ယာဉ်/ကုန် ၁၆ တန်ထက်ကျော်လွန်နေလျှင် တစ်ဖက်ကမ်းသို့ ယာဉ်ငယ်များဖြင့် ပို့ဆောင်နေရပြီး အချိန်ကြာမြင့်ခြင်း၊ သယ်ယူပို့ဆောင်ခများ အပိုကုန်ကျခြင်းတို့ရှိကြောင်း သိရသည်။ ထို့ကြောင့် ယခင်ကြိုးတံတားဟောင်းနေရာတွင် တံတားသစ်ကို ကပ်လျက်တည်ဆောက်နေခြင်း ဖြစ်သည်။ ယခုတည်ဆောက်နေသည့် ကြိုးတံတားအမျိုးအစားမှာ HS.25 Load Class အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ကြောင်း သိရသည်။

ခရမ်းစိုးမြင့်