ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေမည့် ဒေသတွင်းဧည့်လမ်းညွှန်သင်တန်း ပုဂံ၌ ဖွင့်လှစ်

ညောင်ဦး ၁၇ စက်တင်ဘာ

 

ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သော ဒေသတွင်းဧည့်လမ်းညွှန် အခြေခံသင်တန်းအမှတ်စဉ် ၃၉(ပုဂံ)ဖွင့်ပွဲကို စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ပုဂံမြို့ဟောင်းရှိ Bagan Information and Training Center ၌ ကျင်းပခဲ့သည်။

 

အဆိုပါသင်တန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်လမ်းညွှန်မှု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း စနစ်တကျရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလုပ်ငန်းတစ်ခုအနေဖြင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းသင်တန်းကို သင်တန်းနည်းပြများအဖြစ် ဝါရင့်ဧည့်လမ်းညွှန်များ သဘာဝဂေဟဗေဒနှင့် နယ်ပယ်အသီးသီးရှိ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ပညာရှင်များ၊ တက္ကသိုလ်ကောလိပ်များရှိ ကထိကနှင့်ဌာနမှူးများ၊ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများက သင်ကြားပို့ချပေးမည်ဖြစ်သည်။

 

ဒေသတွင်း ဧည့်လမ်းညွှန်အခြေခံသင်တန်းများကို ပုဂံဒေသ၌ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဖွင့်လှစ်ပေးခဲ့ရာ ၂၀၁၃ ခုနှစ်က ဒေသခံဧည့်လမ်းညွှန် (၁၀၈)ဦး၊ ၂၀၁၆ ခုနှစ်တွင် ဒေသခံ ဧည့်လမ်းညွှန် (၁၂၃)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ယခုနှစ်သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၁၂၆)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ တစ်လခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ 

 

သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်အသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသားသင်တန်းသူများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဝန်ထမ်းများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

 

ရဲသူရအောင် (ညောင်ဦး)