Depression (စိတ်ကျရောဂါ )

Depression (စိတ်ကျရောဂါ ) ကဘာလဲ။

 

စိတ်ကျရောဂါဆိုသည်မှာ တောက်လျှောက်ဝမ်းနည်းမှုများခံစားနေရပြီး ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုလျော့နည်းသွားသော စိတ်ရောဂါတစ်မျိုးဖြစ်သည်။သင်မည်သို့ခံစားတွေးတောပြီး ပြုမူသည်များကို သက်ရောက်ထိခိုက်စေပြီးစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေသည်။အကယ်၍ပူဆွေးကြေကွဲဝမ်းနည်းမှုတစ်ခုသည် ရက်ပေါင်းများစွာ(သို့)အပတ်ပေါင်းများစွာကြာသွားပြီး မိသားစုဝင်များ(သို့)သူငယ်ချင်းများနှင့် အလုပ်လုပ်ရန်၊ပေါင်းသင်းဆက်ဆံရန် ခက်ခဲလာပါက (သို့)မိမိကိုယ်ကို အဆုံးစီရင်ရန်ကြံစည်ခြင်းတို့ရှိလာပါကစိတ်ကျရောဂါရှိချေများသည်။အကယ်၍စိတ်ကျရောဂါလက္ခဏာများသင့်တွင်ခံစားနေရပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

 

Depression (စိတ်ကျရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

 


ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။80ရာခိုင်နှုန်းသောလူအများတွင် ဘဝအချိုးအကွေ့တစ်ခုမှာ စိတ်ကျရောဂါဖြစ်ပွားတတ်ကြပြီး  အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

လက္ခဏာများ

 

Depression (စိတ်ကျရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

 


စိတ်ကျရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လူတစ်ယောက်စီတွင် ကွဲပြားလှပါသည်။ဥပမာစိတ်ကျရောဂါဖြစ်နေသောအချို့သူများသည် ပိုအိပ်တတ်ကြပြီး အချို့ဝေဒနာရှင်များတွင်ကားအိပ်ပျော်ရန်ခက်ခဲခြင်း(သို့)အစာစားချင်စိတ်လျော့နည်းနေခြင်းတို့ဖြစ်တတ်သည်။သို့သော်လည်းအဖြစ်များသောလက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

•    အာရုံမစူးစိုက်နိုင်ခြင်း
•    ဝမ်းနည်းနေခြင်း ကြေကွဲနေခြင်း
•    အနာဂတ်သည် ဘယ်လိုမှ ကောင်းမွန်တော့မည်မဟုတ်ဟုခံစားနေရခြင်း
•    စိတ်တိုစိတ်ဆက်ခြင်း(သို့)ဂနာမငြိမ်ခြင်း
•    လိင်ကိစ္စအားစိတ်ဝင်စားမှုလျော့သွားခြင်း
•    ပြင်းထန်သောစိတ်ဓာတ်ကျမှုများတွင် မိမိကိုယ်ကို အဆုံးစီရင်မည့် အတွေးများ တွေးမိနေခြင်း စသည်ဖြင့်ဖြစ်သည်။

 

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

 


သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် တတ်နိုင်သမျှအမြန်ဆုံးသင့်ဆရာဝန်နှင့် တွေ့ဆုံပြသရန်စီစဉ်ပါ။ကုသမှုခံယူရန် တွန့်ဆုတ်နေပါက သင့်သူငယ်ချင်း(သို့)ချစ်ခင်ရသောသူတစ်ဦးဖြစ်စေ၊ကျန်းမာရေးပညာရှင်၊ခေါင်းဆောင်တစ်ဦး(သို့)သင်ယုံကြည်ရသောသူတစ်ဦးကို ဖြစ်စေပြောပြပါ။ အကယ်၍သင့်ကိုယ်သင်နာကျင်အောင်ပြုလုပ်ခြင်း(သို့) အဆုံးစီရင်ခြင်းတို့ ပြုလုပ်လာနိုင်သည်ဟု ယူဆပါက မြို့တွင်းအရေးပေါ်ဖုန်းနံပတ်သို့ချက်ချင်းခေါ်ဆိုပါ။

 

မိမိကိုယ်ကို အဆုံးစီရင်မည့်အတွေးများဝင်နေပါက အောက်ပါနည်းလမ်းများကို စဉ်းစားပါ။

 

•    သင့်၏ဆရာဝန်ထံမှ အကူအညီရယူပါ။
•    သူ့အနီးကပ်သူငယ်ချင်း(သို့)ချစ်ခင်ရသောသူထံ ရောက်အောင်သွားပါ။

•    သင့်ဘာသာရေး၏ဘုန်းကြီး(သို့)စိတ်ကျန်းမာရေး အတွက်ပြုလုပ်သောဆွေးနွေးပွဲများ၏ခေါင်းဆောင်တို့ကို ဆက်သွယ်ပါ။

 

အကယ်၍သင်ချစ်ခင်ရသောသူ(သို့)သူငယ်ချင်းတစ်ယောက်သည် မိမိကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားကြံစည်နေပါက (သို့)ကြိုးစားခဲ့ပြီးပါက ထိုသူနား တစ်ယောက်ယောက်အမြဲထားပေးထားပါ။

 

•    သင့်၏မြို့တွင်းအရေးပေါ်ဖုန်းနံပါတ်ကို ချက်ချင်းခေါ်ဆိုပါ။
•    (သို့)ဘေးကင်းစွာ လုပ်ဆောင်လိုပါက ဝေဒနာရှင်အား အနီးဆုံးဆေးရုံ၏အရေးပေါ်ခန်းသို့ခေါ်လာပါ။

 

အကြောင်းရင်းများ

 

Depression (စိတ်ကျရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ


များပြားလှသောအကြောင်းအရင်းများ(သို့)ပေါင်းစုထားသော အကြောင်းအရင်းများကြောင့် ဖြစ်ပွားစေနိုင်ပါသည်။မျိုးရိုးဗီဇ-စိတ်ကျရောဂါမျိုးရိုးရှိသူများတွင် ရောဂါမျိုးရိုးမရှိသူများထက်ပိုမိုဖြစ်ပွားတတ်သည်။

 

ဦးနှောက်ဓာတုဗေဒအခြေအနေ – စိတ်ကျရောဂါသည်များသည် ရောဂါမရှိသူများနှင့် ကွဲပြားသော ဦးနှောက်ဓာတုဗေဒအခြေအနေများရှိကြသည်။

 

စိတ်ဖိစီးမှု-ချစ်ခင်ရသောသူတစ်ဦးအားဆုံးရှုံးလိုက်ရခြင်း၊အချစ်ရေးအဆင်မပြေခြင်း(သို့)မည်သည့် စိတ်ဖိစီးနိုင်သည့်အခြေအနေမဆိုစိတ်ကျရောဂါကို ဖြစ်ပွားစေနိုင်သည်။

 

ဖြစ်နိုင်ခြေများ

 

Depression (စိတ်ကျရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

 

စိတ်ကျရောဂါသည်ဆယ်ကျော်သက်အရွယ်နှင့် နှစ်ဆယ်၊သုံးဆယ်ကျော်အရွယ်များတွင်အဖြစ်များသော်လည်း မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်ပွားတတ်သည်။မိန်းမများသည် အမျိုးသားများထက်စိတ်ကျရောဂါပိုဖြစ်ကြောင်းသိရသော်လည်း မိန်းမများသည် ကုသမှုခံယူရန်ကြိုးစားကြသောကြောင့်လည်းဖြစ်နိုင်သည်။စိတ်ကျရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

 

•    အခြားသော စိတ်ရောဂါများဖြစ်ဖူးခြင်း ဥပမာ စိုးရိမ်လွန်ရောဂါ၊အစားအသောက်နှင့်ပတ်သတ်သော ရောဂါ(သို့)ဒဏ်ရာအနာတရဖြစ်ပြီးနောက်ရသော ဖိစီးမှုရောဂါ
•    အရက်(သို့)တရားမဝင်သောမူးယစ်ဆေးများသုံးခြင်း
•    အချို့သောအမူအကျင့်များ ဥပမာ – မိမိကိုယ်ကိုယုံကြည်မှုအားနည်းနေခြင်းနှင့်မှီခိုလွန်းနေခြင်း၊မိမိကိုယ်ကိုအပြစ်မြင်နေခြင်း
•    ပြင်းထန်သော(သို့)နာတာရှည်ရောဂါများဖြစ်ခြင်း ဥပမာ ကင်ဆာ၊လေဖြတ်ရောဂါ၊နာတာရှည်နာကျင်ကိုက်ခဲမှု (သို့)နှလုံးရောဂါ
•    အချို့သော ဆေးဝါးများ ဥပမာ သွေးတိုးကျဆေးများ(သို့)အိပ်ဆေးများ(ဆေးမဖြတ်ခင်သင့်ဆရာဝန်နှင့်တိုင်ပင်ပါ)
•    ဒဏ်ရာအနာတရ(သို့)ဖိစီးမှုများစေသော အခြေအနေများ ဥပမာ ရုပ်ပိုင်းဆိုင်ရာ(သို့)လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ(သို့)ချစ်ရသောသူတစ်ဦးသေဆုံးခြင်း၊အချစ်ရေးအဆင်မပြေခြင်း(သို့)ငွေရေးကြေးရေးပြဿနာများ
•    စိတ်ကျရောဂါ၊အစွန်းနှစ်ဖက်ဖြစ်သွားသောစိတ်ရောဂါ၊အရက်နာကျရောဂါဖြစ်ဖူးသော(သို့)မိမိကိုယ်ကိုစီရင်ဖူးသော သွေးသားတော်စပ်သူများရှိခြင်း

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

 

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.


Depression (စိတ်ကျရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

 


ပုံမှန်အားဖြင့်ဆရာဝန်များသည် သင့်၏ရောဂါလက္ခဏာများနှင့် ရောဂါရာဇဝင်အပေါ်မူတည်ပြီး အဖြေရှာအတည်ပြုပါသည်။ထို အပြင် ဆရာဝန်သည် သွေးစစ်ခြင်း၊စိတ်ကျန်းမာရေးစစ်ဆေးခြင်းကဲ့သို့သောအခြားစစ်ဆေးမှုများကို ပြုလုပ်ကာ သင်ခံစားနေရသောလက္ခဏာများဖြစ်ပွားတတ်သည့် အခြားရောဂါများကို အတည်ပြုဖယ်ထုတ်တတ်ပြီး ရောဂါကိုအတည်ပြုကာ နောက်ဆက်တွဲရောဂါအခြေအနေများကို စစ်ဆေးတတ်သည်။

 

Depression (စိတ်ကျရောဂါ ) ကို ဘယ်လိုကုသပါသလဲ

 

စိတ်ကျရောဂါကုသမှုတွင် ဆေးဝါးများဖြင့်ကုသမှု၊စိတ်ပိုင်းဆိုင်ရာကုသမှုနှင့် လျှပ်စစ်အားရိုက်၍ကုသမှုတို့ပါဝင်သည်။အသုံးပြုသည့်ဆေးဝါးများမှာ စိတ်ကျရောဂါပျောက်ဆေးများဖြစ်သည်။အချို့သောအသုံးများသည့်ဆေးများမှာ escitalopram, paroxetine, sertraline, fluoxetine နှင့်citalopram တို့ဖြစ်ကြပြီး ထိုဆေးများသည် selective serotonin reuptake inhibitors(SSRIs)များဖြစ်ကြသည်။အခြားသောဆေးများမှာ venlafaxine, duloxetine, နှင့်bupropionတို့ဖြစ်ကြသည်။ထိုဆေးများသည် အောက်ပါဘေးထွက်ဆိုးကျိုးများကို ဖြစ်ပွားစေနိုင်ပါသည်။

 

•    ကိုယ်အလေးချိန်တက်ခြင်း
•    လိင်ဆက်ဆံရာတွင် အဆင်မပြေခြင်း
•    ပျို့ခြင်း

 

စိတ်ကျန်းမာရေးဆိုင်ရာကုသမှုကိုလည်း စိတ်ကျရောဂါကိုကုသရန်သုံးသည်။ထိုကုသမှုတွင် တွေးခေါ်ပြုမူခြင်းဆိုင်ရာနည်းလမ်းသစ်များကိုသင်ပေးခြင်းနှင့် စိတ်ဓာတ်ကျစေနိုင်သည့် အမူအကျင့်များကိုပြောင်းလဲပေးခြင်းတို့ပါဝင်သည်။ထိုကုသမှုသည် သင့်၏ အချစ်ရေးအဆင်မပြေမှု၊စိတ်ဓာတ်ကျစေနိုင်သည့်အခြေအနေများ(သို့)ပိုဆိုးအောင်လုပ်ပေးနိုင်သည့် ကိစ္စရပ်များကိုနားလည်ကိုင်တွယ်တတ်စေသည်။

 

လျှပ်စစ်ဓာတ်ရိုက်၍ကုသခြင်း ECTကို ကုရခက်ပြီး ဆေးကုသမှုဖြင့် မပျောက်ကင်းသေးသည့်ဆိုးဝါးပြင်းထန်သောစိတ်ကျရောဂါများအတွက် သုံးသည်။ECTနှင့်ပတ်သတ်၍မကောင်းသတင်းများရှိဖူးသော်လည်း အခြားသောကုသမှုများဖြင့်မသက်သာသေးသည့်လူနာများတွင်ကားထိရောက်စွာကုသနိုင်ကြောင်း မြင်ခဲ့ရပြီးဖြစ်သည်။ECTသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်ဝေဝါးရှူပ်ထွေးခြင်းနှင့် မှတ်ဉာဏ်ပျောက်ဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ထိုဆိုးကျိုးများသည် ယာယီမျှဖြစ်သော်လည်း တခါတရံတွင် ကာလ ကြာရှည်သွားနိုင်သည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

 

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စိတ်ကျရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် စိတ်ကျရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

 

•    တစ်ဦးတည်းသီးခြားမနေပါနှင့်။
•    သင့်ဘဝတွင် ရိုးစင်းစွာနေထိုင်ပါ။
•    လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
•    ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံကို ကျင့်သုံးပါ။
•    သင့်ဖိစီးမှုအား ဖြေလျှော့ကိုင်တွယ်နိုင်မည့် နည်းလမ်းများကိုလေ့လာပါ။
•    သင်စိတ်ဓာတ်ကျနေစဉ်တွင် အရေးကြီးသောဆုံးဖြတ်ချက်များမချပါနှင့်။
•    အကယ်၍သင့်ရောဂါလက္ခဏာများဆိုးဝါးလာပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
•    သင့်အားပေးသောဆေးဝါးများမှ ဘေးထွက်ဆိုးကျိုးများကိုခံစားရပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
•    သင့်တွင် မိမိကိုယ်ကို သတ်သေမည့်အတွေးများ(သို့)အခြားသူတစ်ဦးအား ထိခိုက်ခြင်း၊သတ်ခြင်းတို့ပြုလုပ်ရန်ကြံစည်နေပါက သင့်ဆရာဝန်အားဖုန်းခေါ်ပါ။
•    သင့်တွင် မူမမှန်သောအသံများကြားနေခြင်း၊တုန်လှုပ်ခြောက်ခြားခြင်း(သို့) တကယ်မရှိသောအရာများအားမြင်နေခြင်းတို့ဖြစ်ပွားပါက လည်း သင့်ဆရာဝန်အားဖုန်းခေါ်ပါ။

 

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

ရေးသားသူ Dr.Nyan Linnဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”