ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲနှင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ဒေးဒရဲ  ၁  မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲနှင့် ကာကွယ်ရေးဆိုင်ရာပစ္စည်များ ထောက်ပံ့လှူဒါန်း ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် ဖျာပုံခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နာယက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ဒေးဒရဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကော်မတီ၊ မြို့မိမြို့ဖများ၊ အထောက်အကူပြု အဖွဲ့များ၊ အလှူရှင်များနှင့် ပူးပေါင်းကူညီဆောင်ရွက် ပေးကြသူများ၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ မြို့လူထုပူးပေါင်းပါဝင်မှု အားကောင်းမှသာ လုံလောက်သော ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်မှာ ဖြစ်သည့်အတွက် ညှိနှိုင်းပေါင်းစပ်မှု၊ ထိရောက်သော အသိပညာပေးမှုများ အားကောင်းရန် လိုအပ်ကြောင်း၊ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးကြသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

 

441589

 

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၏ ထုတ်ပြန်ချက်များအား မြို့ပေါ်သာမက ကျေးလက်နေပြည်သူများပါ သိရှိစေရေး အသိပညာပေးခြင်း လုပ်ငန်းများအဖြစ် အသံချဲ့စက်များဖြင့် ထပ်ခါထပ်ခါကြေငြာပေးခြင်း၊ ဗီနိုင်း၊ ပိုစတာများဖြင့် အသိပညာပေး လုပ်ငန်းများအား အရှိန်မဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက တာဝန်ရှိသူများက ဒေးဒရဲမြို့နယ်အနေဖြင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

 

ဆက်လက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်တို့က အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြုနိုင်ရေး ပန်ကာ(၃)လုံး နှင့် မျက်နှာကာများ လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)