ဒေးဒရဲ ၁၂ ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သော အခြေခံစားသောက်ကုန်များဖြစ်သည့်  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ (၅)မျိုးတို့ကို ယမန်နေ့ ညနေ ၄ နာရီက တော်ကျိုက်ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်မှုများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ဦးခင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်း၍ ဒေးဒရဲမြို့နယ်၊ တော်ကျိုက်ကျေးရွာအုပ်စုရှိ အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးစီတို့ကို ဒေးဒရဲမြို့နယ်၊ တော်ကျိုက်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၁၇)စုတို့၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေ:ဒရဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၉၀)အုပ်စုရှိပြီး ဒေ:ဒရဲတစ်မြို့နယ်လုံးတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၂၀၆၉၃)စုရှိပြီး အခြေခံစားသောက်ကုန်(၅)မျိုးတို့အား အဆိုပါ အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်ဆက်)