ဒေးဗစ်ဖလားယှဉ်ပြိုင်မယ့် စပိန်အသင်းတွင် ရာဖေးလ်နာဒယ် ပါဝင်လာမည်

၂၄  အောက်တိုဘာ

လာမယ့်လအတွင်းမှာ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပမယ့် ဒေးဗစ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မယ့် စပိန်အသင်းနဲ့အတူ ကမ္ဘာ့နံပါတ် ၂ အဆင့်ရှိ တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ရာဖေးလ်နာဒယ်ဟာ နည်းပြဘရူဂူရာရွေးချယ်ခဲ့တဲ့ ကစားသမား ငါးဦးစာရင်းမှာ ရောဘတ်တိုဘောတစ်စတာ၊ ပါဘဘိုကာရန်နို၊ ဖီလီစီယာနိုလိုပက်ဇ်၊ မာစယ်ဂရန်နိုလ်လာတို့နဲ့အတူ ပါဝင်လာတာဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်ဟာ လွန်ခဲ့တဲ့ သီတင်းသုံးပတ်က ကျင်းပခဲ့တဲ့ ရှန်ဟိုင်းမာစတာတင်းနစ်ပြိုင်ပွဲမှာ လက်ကောက်ဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပြီး ကျန်းမာကြံ့ခိုင်စွာ ပြန်လည်ကစားနိုင်ခဲ့မယ်ဆိုရင် ၁၉ ကြိမ်မြောက် အမျိုးသားတစ်ဦးချင်း ဂရန်းဆလမ်းဆုဖလားကို ရယူနိုင်ဖို့လည်း မျှော်လင့်ထားတာဖြစ်ပါတယ်။

ဒေးဗစ်ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၁၈ ရက်မှာ စတင်မှာဖြစ်ပြီး စပိန်အသင်းကတော့ အုပ်စု(ဘီ)မှာ ရုရှား၊ ခရိုအေးရှားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ အသင်းအားဖြင့် ၁၈ သင်း၊ အုပ်စုအားဖြင့် ခြောက်အုပ်စုခွဲကာ ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စုခြောက်အုပ်စုက အုပ်စုပထမရတဲ့ အသင်းခြောက်သင်းနဲ့ ဒုတိယနေရာရတဲ့ အသင်းတွေထဲက အမှတ်အများဆုံးရတဲ့ အသင်းနှစ်သင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

ငွေကြယ်