ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းရာမှာ သတိမူရမယ့် နည်းပညာအခြေခံများ

၁၆  အောက်တိုဘာ

ယနေ့ မျက်မှောက်ကမ္ဘာ့နိုင်ငံတွေဟာ တိုးတက်လာတဲ့ နည်းပညာအသစ်တွေသုံးပြီး ပိုမိုကောင်းမွန်လုံခြုံတဲ့ လူမှု စီးပွားဘဝတွေကို ဖန်တီးတည်ဆောက်ဖို့ ကြိုးပမ်းနေ ကြရာမှာ လူတို့ဖန်တီးတဲ့ နည်းပညာသစ်တွေဟာလည်းအံ့မခန်းဖွံ့ဖြိုးတိုးတက်နေတာကို မြင်တွေ့ကြရမှာဖြစ်ပါ တယ်။ တိုးတက်တဲ့ နိုင်ငံတွေဟာ ၁၉ ရာစု နှောင်းပိုင်းက စလို့ အီလက်ထရွန်နစ်သုံး သက်သေခံ အချက်အလက် များ Electronic Identification e-IDစနစ် အပါအဝင်အချက် အလက်တွေကို အီလက်ထရွန်နစ်နည်းပညာနဲ့ သိုမှီးသိမ်း ဆည်းတဲ့ နည်းလမ်းကို စတင်အသုံးပြုလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီလက်ထရွန်စနစ်နဲ့ သိမ်းဆည်း ထားတဲ့ အချက်အလက်တွေကို လိုအပ်သလိုရည်ညွှန်းကိုးကားတာတွေ၊ ဖြည့်စွက်တာတွေကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်နိုင်ဖို့ ဒစ်ဂျစ်တယ်ကွန်ရက်တွေ တည်ဆောက် လာခဲ့ကြပါတယ်။ သတင်းနည်းပညာတွေကို လူမှုစီးပွားဘဝ လုံခြုံဖွံ့ဖြိုးရေးအတွက် ပြောင်းလဲသုံးစွဲလာခဲ့ပြီး ယခုအချိန် မှာ ဉာဏ်ရည်တု (artificial intelligence) နည်းပညာကိုတီထွင်ဖန်တီးနိုင်ရုံသာမက တွင်တွင်ကျယ်ကျယ်လည်း အသုံးပြုလာနေတာကို မြင်တွေ့နေရပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် ဆောင်ရွက်ဖွယ်ရာများစွာ ကျန်ရှိနေသေး

လူမှုစီးပွားဘဝလုံခြုံဖွံ့ဖြိုးဖို့ နည်းပညာတွေ အသုံး ပြုပြီး တိုးတက်တဲ့လမ်းကြောင်းပေါ်ကို အခြားနိုင်ငံတွေနည်း တူ လျှောက်လှမ်းနိုင်ဖို့ အချက်အလက်တွေကို အီလက် ထရွန်နစ်နည်းပညာနဲ့ မှတ်တမ်းတင်ခြင်း၊ သက်ဆိုင်ရာ ဌာနတွေအကြား လုံခြုံစွာချိတ်ဆက်အသုံးပြုလို့ရအောင်ဒစ်ဂျစ်တယ်ကွန်ရက်တည်ဆောက်ခြင်း စတဲ့လုပ်ငန်းတွေ ကို မြန်မာနိုင်ငံမှာစတင်ဆောင်ရွက်နေတာကို တွေ့ရှိလာ ရပြီဖြစ်သော်လည်း မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲ မှုလုပ်ငန်း (digitalization) ဟာဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ နှိုင်း ယှဉ်ရင် ဆောင်ရွက်ဖွယ်ရာများစွာ ကျန်ရှိနေသေးတဲ့ အခြေ အနေဖြစ်ပါတယ်။

သို့သော် အဲဒီအခြေအနေတွေကပဲ အားသာချက်တွေ ဖန်တီးပေးနေပြန်ပါတယ်။ မြန်မာနိုင်ငံဟာ နောက်ကျပြီးမှ နည်းပညာကိုအခြေခံတဲ့ လူမှုအဖွဲ့အစည်းအတွင်းကို ဝင်ရောက်ပေမယ့်လည်း နောက်ဆုံးပေါ်နည်းပညာတွေကိုလက်တကမ်းသုံးစွဲလို့ရတဲ့ အခွင့်အရေးရရှိနေတာ ဖြစ်ပါတယ်။ ထင်သာအောင် ဥပမာပြရရင် ကြိုးဖုန်းကိုအဓိက အားထား အသုံးပြုတဲ့ အခြေအနေတစ်ရပ်ကနေ အချိန်တိုအတွင်းမှာဘဲ 4G/5G နည်းပညာတွေကို ခုန်ပျံကျော်လွှားအသုံးပြုလာ နိုင်တဲ့အခြေအနေ (leap frog) ရှိလာတာကို ဆိုလိုတာ ဖြစ် ပါတယ်။

ဒစ်ဂျစ်တယ်စနစ်ကို စောပြီးကူးပြောင်းခဲ့တဲ့ နိုင်ငံတွေ ဆိုရင် ကြိုးဖုန်းစနစ်ကနေ 2G၊ 3G၊ 4G မှ 5G စနစ်တွေကို တစ်ဆင့်ချင်း ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို ဆောင် ရွက်ရတဲ့နေရာမှာ စနစ်တစ်ခုကနေတစ်ခုကို တစ်ဆင့်ချင်း သာ တက်လှမ်းနိုင်တဲ့အပြင် အခြေခံအဆောက်အဦလိုအပ် ချက်တွေ ထပ်ဖြည့်ရတာကိုလည်း ကြုံခဲ့ရပါတယ်။ မြန်မာ နိုင်ငံကတော့ အဲဒီလိုမဟုတ်ဘဲ ဒစ်ဂျစ်တယ်ပြောင်းလဲမှု စတင်တဲ့အချိန်တိုအတွင်းမှာဘဲ 4G၊ 5G စနစ်တွေကို ကျော် လွှားသုံးစွဲနိုင်တာဖြစ်လို့ ဒစ်ဂျစ်တယ်စနစ်ကိုစောပြီး သုံးခဲ့တဲ့နိုင်ငံတွေ ကြုံခဲ့ရတဲ့အခက်အခဲမျိုးတွေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်သုံးစွဲမှုပမာဏဟာ ယခင်က ရာခိုင်နှုန်းအနည်းငယ်သာ ရှိနေရာကနေ၂၀၁၃ ခုနှစ်မှ စတင်ပြီး ၁၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာတာ မြင်တွေ့ ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံစုစုပေါင်း ဧရိယာရဲ့ ၉၅ ရာခိုင်နှုန်းကျော်အထိကို အင်တာနက်ကွန်ရက်တွေ လွှမ်းခြုံထားနိုင်ပြီ ဖြစ်ပါတယ်။ ဥပမာဆိုရရင် တယ်လီနော 4G ကွန်ရက်ကို နိုင်ငံတစ်ဝန်းလုံးဧရိယာရဲ့ ၇၅ ရာခိုင်နှုန်း မှာ ဖြန့်ကြက်ထားနိုင်ပြီ ဖြစ်တယ်လို့ သူတို့ရဲ့တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

လက်တွေ့မှာ ဆိုခဲ့တဲ့အားသာချက်တွေကို အသုံးပြုနိုင် တဲ့၊ အသုံးပြုနေတဲ့အနေအထားဟာ ထိရောက်မှု နှောင့်နှေး နေသေးတာတွေ့ရပါတယ်။ အထက်မှာဆိုခဲ့တဲ့ကြီးမား ကျယ်ပြန့်ပြီး မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်ကို မြန်မာ နိုင်ငံမှာ လူမှုမီဒီယာ (အထူးသဖြင့် ဖေ့စ်ဘွတ်) အတွက်သာ အဓိက သုံးစွဲနေကြလို့ပဲဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ပြည်ပခရီးသွားများပိုမိုလာရောက် ရေးအတွက် စျေးကွက်မြှင့်တင်ရေးနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေလို လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါတဲ့ လုပ်ငန်းတွေအတွက် ဒီကြီးမား ကျယ်ပြန့်တဲ့ မြန်နှုန်းမြင့်အင်တာနက်ကွန်ရက်ကို အပြည့်အဝ အသုံးချရမှာ ဖြစ်ပါတယ်။

အဲဒီလို အပြည့်အဝအသုံးချဖို့ အခြေခံလိုအပ်ချက်တွေ ထဲက တစ်ခုဖြစ်တဲ့ အီလက်ထရွန်နစ်သုံး သက်သေခံအချက် အလက်များ Electronic Identification (e-ID)စနစ်ကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံမှာ စတင်လုပ်ဆောင် နေတာကို သိရတော့ မုဒိတာပွားရပြန်ပါတယ်။ e-IDဆိုတာ ကတော့ လူတစ်ဦးချင်းစီရဲ့ကိုယ်ရေးမှတ်တမ်းနှင့် ဇီဝသွင်ပြင် လက္ခဏာရပ်တွေကို ကွန်ပျူတာစနစ်နဲ့ ဗဟိုအချက်အလက် ဘဏ်အတွင်း ထည့်သွင်းမှတ်တမ်းတင်တဲ့ စနစ်တစ်ခုဖြစ် ပါတယ်။တိုးတက်တဲ့ နည်းပညာတွေနဲ့ ပိုမိုကျယ်ပြန့်ရှုပ်ထွေး လာတဲ့ နေထိုင်မှုစနစ်တွေကြောင့် ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လုံခြုံရေးအတွက် နည်းပညာ အပေါ် ပိုမိုအမှီသဟဲပြုလာရတဲ့ အခုအချိန်အခါမှာ e-ID စနစ် တည်ဆောက်ရေးဟာ မရှိမဖြစ် လိုအပ်လှပါတယ်။

e-ID စနစ်နဲ့ပတ်သက်လို့ နားလည်တတ်ကျွမ်းသူတွေက အများပြည်သူ သိနားလည်အောင် စာအုပ်များ၊ဆောင်းပါးများ ရေးသားထုတ်ဝေလျက်ရှိတဲ့အတွက် အကျယ်တဝင့် ရှင်းပြဖို့ မရည်ရွယ်ဘဲ အဓိကထောက်ပြ ရှင်းလင်းလိုတဲ့ကိစ္စကတော့အစိုးရယန္တရား၊ ပုဂ္ဂလိကလုပ်ငန်းဆိုင်ရာ လည်ပတ်မှုတွေကိုဒစ်ဂျစ်တယ်အဆင့်သို့ ကူးပြောင်းတဲ့နေရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ အခြေခံအချက်တွေကို ပြည်သူအများစုက သေသေချာချာ ရှင်းရှင်းလင်းလင်းသိရှိထားဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။

ပျမ်းမျှ digital literacy နှုန်းရှိဖို့ လိုအပ်

မြန်မာနိုင်ငံအနေနဲ့ အုပ်ချုပ်မှုနဲ့ စီးပွားရေးစနစ်တွေကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရာမှာ နည်းပညာနဲ့ ပတ်သက် လို့ အဆင့်တွေကျော်လွန်ပြီး ဆောင်ရွက်နိုင်တဲ့ ယင်းအားသာ ချက်တွေရှိသော်လည်း အဓိကအဟန့်အတားတစ်ခုက ပြည်သူများရဲ့ သတင်းနည်းပညာနှင့် ပတ်သက်သည့် အသိဉာဏ်(digital literacy) ဖွံ့ဖြိုးမှုနှုန်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ digital literacy ဖွံ့ဖြိုးမှုနှုန်း အတန်အသင့် တိုးတက် လာနေပေမယ့် ပြည်သူအများစုဟာ အိမ်နီးချင်းနိုင်ငံက ပြည်သူတွေနဲ့ယှဉ်ရင် သုတေသနတွေ့ရှိချက်တွေအရ အတော်ကို နောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်။ ယနေ့ခေတ် သာမန်ပြည်သူတွေမှာရှိရမယ့် ပျမ်းမျှ digital literacy နှုန်းရှိဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

နည်းပညာနဲ့ ပတ်သက်တဲ့အခြေခံတွေကို ဆွေးနွေးရရင် လူအများစုသိပြီးသားဖြစ်တဲ့ အင်တာနက်နဲ့ဝက်ဘ်ဆိုက် အကြောင်းက စတင်မိတ်ဆက်ရမှာ ဖြစ်ပါတယ်။ အင်တာနက် စနစ်ဟာ ၁၉၆၀ ပြည့်နှစ်များအတွင်းက အမေရိကန်ကာကွယ် ရေးဝန်ကြီးဌာ အဆင့်မြင့်သုတေသနစီမံကိန်းများ အေဂျင်စီ (Advance Research Project Agency- ARPA) ကစတင် တီထွင်ခဲ့တဲ့ (အဆင့်မြင့်သုတေသန စီမံကိန်းကွန်ရက် Advanced Research Projects Agency Network) (ARPANET) ကိုအခြေခံပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ယင်းစနစ်ကို အသုံးပြုပြီး အချက်အလက်များ၊ သတင်းများ၊ စာများပေးပို့ခဲ့ကြပါတယ်။

ယနေ့ ဝက်ဘ်ဆိုက်လို့ အများက အလွယ်တကူခေါ်နေတဲ့ World Wide Web တွေကိုတော့ ဗြိတိသျှလူမျိုးသိပ္ပံပညာရှင် Tim Berners-Lee က ဥရောပနျူကလီးယားသုတေသန ကောင်စီ European Council for Nuclear Research-CERN မှာ တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၉ ခုနှစ်မှာ စတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ဥရောပနျူကလီးယားသုတေသနကောင်စီ ကို ယူနက်စကို (UNESCO)အဖွဲ့က ၁၉၅၁ ခုနှစ်မှာ ကျင်းပခဲ့ တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပြီး အတိုကောက် အားဖြင့် CERN လို့ ခေါ်ဆိုခဲ့ပါတယ်။

တယ်လီဖုန်းတွေမှာ အသံကို တစ်ဖက်ကနေတစ်ဖက်သို့ ပို့လွှတ်ဖမ်းယူသလို ပို့လွှတ်တာဖမ်းယူတာကို web တွေက အင်တာနက်လိုင်းပေါ်က လုပ်ဆောင်သွားတာပါ။ ဒီအထိ ကတော့ လူအများစုက သိကြမယ် ထင်ပါတယ်။

အများစု သိပ်မသိကြဘူးလို့ ယူဆတာကတော့ အဲဒီ web မှာ အလွှာသုံးလွှာရှိတယ် ဆိုတာပါပဲ။ တကယ်တော့ကျွန်တော်တို့သိထားတဲ့World Wide Web စနစ်မှာ အပေါ်ယံ ဝက်ဘ်ဆိုက် ကွန်ရက်နယ်၊ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံး surface web, deep web နှင့် dark web ဆိုပြီး အလွှာသုံးလွှာ ရှိပါ တယ်။ ထင်သာအောင်ဥပမာပြရရင် surface web ဆိုတာမြစ် ချောင်းတွေရဲ့ ရေမျက်နှာပြင်နဲ့တူပြီး ကျယ်ပြန့်ရှည်လျားစွာတည်ရှိနေတဲ့အပြင် အလွယ်တကူ ကြည့်မြင်ထိတွေ့ အသုံး ပြုနိုင်ပါတယ်။ Surface web ဟာ World Wide Web ရဲ့ အပေါ်ယံအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အများပြည်သူ အလွယ် တကူအသုံးပြုနိုင်တဲ့အပြင် သမားရိုးကျ search engine တွေနဲ့ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါ့ကြောင့်မို့ surface web ကို မျက်မြင်ထင်ရှား visible web လို့လဲအများကသိကြပါတယ်။

အတွင်းပိုင်းကွန်ရက်နယ်ပယ် Deep web ဆိုတာက တော့ အတွင်းပိုင်းကျတဲ့အလွှာမျိုး အလွယ်တကူ ထိတွေ့ အသုံးပြုလို့မရနိုင်ပါဘူး၊ Deep web တွေရဲ့ အကြောင်း အခြင်းရာ content တွေကို HTTP form-(Hypertext transfer Protocol ရေးသားချက်များနှင့် ဂရပ်ဖစ်ပုံသဏ္ဌာန်များ အပြန်အလှန် ကူးလူးချိတ်ဆက်မှု အစီအစဉ် ) တွေရဲ့နောက်မှာ ကွယ်ဝှက်ထားတဲ့အတွက် သမားရိုးကျ အင်တာနက်ရှာဖွေမှု search engine တွေနဲ့ ရှာဖွေတွေ့ဖို့မဖြစ်နိုင်ပါဘူး၊ ကမ္ဘာ့နိုင်ငံ အများစုမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေ၊စီးပွားရေးလုပ်ငန်းတွေ၊အစိုးရဌာနတွေ အချင်းချင်းစာပေးပို့မှုစနစ်၊ အချက်အလက် ပေးပို့မှုစနစ်တွေ၊ ငွေပေးချေမှုတွေကို Deep web တွေကို အသုံးပြုပြီး ဆောင်ရွက်ကြပါတယ်။ Deep web တွေဟာအခ ကြေးငွေပေးရတဲ့ ကာကွယ်မှုတံတိုင်း(paywall) တွေနဲ့ကာရံ ထားတဲ့အတွက် လုံခြုံမှုအားကောင်းလို့ ဖြစ်ပါတယ်။

Deep web တွေကို အင်တာနက်လိပ်စာများဖြစ်တဲ့ Uniform Resources Locator (URL) နဲ့ IP address တွေကတစ်ဆင့်သာ ရှာဖွေတွေ့ရှိနိုင်ပြီး အသုံးပြုဖို့အတွက် စကားဝှက်(password) လိုအပ်ပါတယ်။

အတွင်းဆုံး အင်တာနက်အလွှာ Dark web ဆိုတာကတော့ မြစ်၊ ချောင်းတို့ရဲ့ကြမ်းပြင်ကဲ့သို့ တည်ရှိ နေတာဖြစ်ပြီး အထူးအဆင့်မြင့်နည်းပညာရှိမှသာ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ Dark web တွေကို software တစ်မျိုးနဲ့သီး သန့် တည်ဆောက်ထားတဲ့အတွက် special software ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။နည်းပညာမြင့်မားတဲ့ နိုင်ငံ အချို့မှာ Dark web တွေကို စစ်ရေးသတင်း၊ ထောက်လှမ်း ရေးသတင်း၊ သံတမန်ရေးရာသတင်းစတဲ့ နိုင်ငံတော်ရဲ့ အရေး ကြီးတဲ့ သတင်းအချက်အလက်တွေကို ဌာနအချင်းချင်း ပေးပို့ ရာမှာလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးဌာနတွေဖြစ်တဲ့ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့တွေအကြား ဆက် သွယ်မှုပြုလုပ်ရာမှာလည်းကောင်း အသုံးပြုကြပါတယ်။

အချက်အလက် လုံခြုံမှုအပိုင်းကလည်း အထူးအရေးကြီး

တကယ်တော့ ဒီအခြေခံသိနားလည်မှုတွေဟာ သာမန် ပြည်သူတွေသာမက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘဏ်လုပ် ငန်းတွေနဲ့ အစိုးရဝန်ထမ်းတွေပါ သိရှိသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ရာမှာ နိုင်ငံရေး၊ စီးပွားရေးအပြင် သံတမန်ဆက်ဆံရေးလို နေရာတွေမှာပါ နည်းပညာအထူးသဖြင့် အင်တာနက်နဲ့ web အသုံးပြုမှုအပေါ် ပိုမိုမှီခိုအားထားလာနေရလို့ဖြစ် ပါတယ်။သတင်းစီးဆင်းမှု မြန်ဆန်လွန်းတဲ့ အခုခေတ်လို အချိန်မျိုးမှာ သတင်းဖြန့်ဝေမှု နှုန်းသာမက အချက်အလက် လုံခြုံမှုအပိုင်းကလည်း အထူးအရေးကြီးလှပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးသို့ ကူးပြောင်း တာအပါအဝင် ဒစ်ဂျစ်တယ်ခေတ်ကို တက်လှမ်းဖို့ e-Government ၊ e-IDနှင့် e-Commerce စနစ်တည်ဆောက် ရာမှာ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေ၊ အခွန် အခမှတ်တမ်းတွေစတာတွေကို ဒစ်ဂျစ်တယ်အချက် အလက်ဘဏ် (digital data bank) မှာ သိမ်းဆည်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒစ်ဂျစ်တယ်အချက် အလက်ဘဏ်က အချက်အလက်တွေကို သက်ဆိုင်ရာ အစိုးရဌာနတွေ၊ ပုဂ္ဂလိကဌာနတွေက အင်တာနက်ကွန်ရက် တွေကတစ်ဆင့် ရယူသုံးစွဲဖို့၊ လိုအပ်တာတွေကို ထပ်မံဖြည့် စွက်ဖို့ဖြစ်ပါတယ်။ အချက်အလက်တွေကို ရယူသုံးစွဲတဲ့ အခါမှာရော လိုအပ်တာတွေ ထပ်မံဖြည့်စွက်တဲ့အခါမှာပါ သတင်းအချက်အလက် လုံခြုံရေးဟာ အထူးအရေးကြီး လှပါတယ်။

ဒါကြောင့်မို့ အင်တာနက်ကို အသုံးပြုပြီးWeb တွေက နေ မိမိတို့အကျိုးစီးပွားကို ဖော်ဆောင်တဲ့နေရာမှာ Web အလွှာတွေရဲ့သဘောကိုသိရှိထားမှသာ အချက်အလက် ဘဏ်နဲ့ အစိုးရဌာန၊ ပုဂ္ဂလိကဌာနတွေအကြား၊ ပုဂ္ဂလိက ဌာနအချင်းချင်းအကြား၊ အစိုးရဌာနအချင်းချင်းအကြား၊အစိုးရနဲ့ပုဂ္ဂလိကဌာနတွေအကြား ဆက်သွယ်မှုကွန်ရက် တွေကို မည်သည့်အလွှာမှာ တည်ဆောက်မလဲဆိုတဲ့မေးခွန်း အတွက် အဖြေကိုကြိုတင်စဉ်းစားတွက်ဆနိုင်မှာ ဖြစ်ပါ တယ်။ Web အလွှာတွေ သဘောကိုသိဖို့လိုတဲ့ ဒုတိယ အကြောင်းအရင်းတစ်ခုလည်း ရှိနေပြန်ပါသေးတယ်။ ဒါကတော့ ဒုစရိုက်သမားတွေ၊ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်က ကာကွယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အင်တာနက်လိုင်းပေါ်မှာ Web တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့နောက်ပိုင်း ဒုစရိုက်သမားတွေဟာ နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်တဲ့ လူကုန်ကူးမှု၊ လက်နက် မှောင်ခိုမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေမှာ Web နဲ့ အင်တာနက်ကို အလွန်အမင်း သုံးစွဲလာကြပါတယ်။ အဲဒီ အခြေအနေတွေကို ၁၀-၃-၂၀၁၇ ရက်စွဲနဲ့ ပြည်တွင်းလုံခြုံ ရေးဆိုင်ရာ ကျွမ်းကျင်သူ Kristin Finklea က အမေရိကန် ကွန်ဂရက်လွှတ်တော်ကို တင်သွင်းခဲ့တဲ့ Dark Web အမည်ရှိတဲ့ အစီရင်ခံစာမှာ အသေးစိတ် ရေးသားထား တာကို တွေ့ရမှာဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့တွေရဲ့ နည်းပညာသုံးစွဲနိုင်မှုဟာ ယခင်ထက်ပို၍ စိုးရိမ်စရာကောင်းလာ

အခုမျက်မှောက်ကာလမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဒုစရိုက်သမားတွေ၊ အကြမ်းဖက် သမားတွေ အပေါ်ယံအလွှာ surface web နှင့် အတွင်း ပိုင်းအလွှာ deep web သုံးစွဲတာကို ထိထိရောက်ရောက် တားဆီးလာနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုစရိုက် သမားတွေနဲ့ အကြမ်းဖက်သမားတွေဟာ surface web နှင့် deep web တို့အစား အတွင်းဆုံးအလွှာ dark web တွေကို ပြောင်းလဲသုံးစွဲလာတဲ့အတွက် ဒုစရိုက်အဖွဲ့အစည်း တွေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့နည်းပညာသုံးစွဲနိုင်မှုဟာ ယခင်ထက်ပို၍ စိုးရိမ်စရာကောင်းလာပြန်ပါတယ်။ အထူး သဖြင့် အကြမ်းဖက်သမားတွေက သူတို့ရဲ့ဝါဒဖြန့်ချိမှု၊ လူသစ်စုဆောင်းမှု၊ ငွေကြေးအထောက်အပံ့ရယူမှု၊ တိုက် ခိုက်မှုများ ပြုလုပ်ဖို့ကြံစည်မှုလုပ်ငန်းတွေအတွက် dark web တွေကို သုံးလာတာဖြစ်ပါတယ်။ ဒီအခြေအနေတွေ ကိုတော့ ကုလသမဂ္ဂအကြမ်းဖက်မှု တိုက်ဖျက်ရေးရုံး (UNOCT)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ၏ အမှု ဆောင် ညွှန်ကြားရေးမှူးရုံး (CTED)၊ ကုလသမဂ္ဂအကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ (UNCCT)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) တို့က အခါအားလျော်စွာ ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာတွေ့ရှိရနိုင်ပါတယ်။

ဘုန်းမြတ်(ဝယ်လင်တန်)