ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

articles_advs

ဒစ်ဂျစ်တယ် မီဒီယာနှင့် ဈေးကွက်ကဏ္ဍ၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများဆိုင်ရာ ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           ဒီအစီအစဉ်မှာ ဒစ်ဂျစ်တယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ဈေးကွက်လုပ်ငန်း ကဏ္ဍတွေမှာ အပြောင်းအလဲအသစ်တွေနဲ့အတူ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေက ဘယ်လိုရှိ နေသလဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ TODAY Ogilvy Myanmar မှ Chairman ဒေါက်တာသာထွန်းဦးနဲ့ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ် မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ပထမဦးဆုံးမေးခွန်းအနေနဲ့ ပုံနှိပ်မီဒီယာကနေ ဒစ်ဂျစ်တယ်မီဒီယာကို ကူးပြောင်းသွားတဲ့ ပုံစံတွေနဲ့ အခုလက်ရှိ နိုင်ငံတကာရဲ့ ရေစီးကြောင်းတွေက ဘယ်လိုမျိုးဖြစ်နိုင်သလဲဆိုတာကို ဒေါက်တာသာထွန်းဦးက ရှင်းပြပေးပါဦး။

 

ဒေါက်တာသာထွန်းဦး။  ။           ပုံနှိပ်မီဒီယာနဲ့ ပတ်သက်ပြီး ဘာဆက်ဖြစ်မလဲဆိုတာကို ၁၉၉၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွေမှာ အမေရိကန်နိုင်ငံက ပုံနှိပ်မီဒီယာရဲ့ ရှေ့အနာဂတ်နဲ့ ပတ်သက်ပြီး စတငဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကျွန်တော် ၁၉၉၅ ခုနှစ်မှာ PC World မဂ္ဂဇင်းကို တရားဝင်စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ ၁၈ နှစ်ထုတ်ဝေခဲ့ပါတယ်။ PC World က ၂၀၁၃ ခုနှစ် အကုန်မှာ ဒစ်ဂျစ်တယ်ပြောင်းသွားပြီး ဆက်လက် မထုတ်နိုင်ခဲ့ပါဘူး။

 

ဆက်လက်ပြီး မထုတ်နိုင်ဘူးဆိုတာကလည်း ဒစ်ဂျစ်တယ်ပြောင်းလဲမှုတွေ မြန်ဆန်လာပြီး စာဖတ်ပရိသတ်အရေအတွက်နဲ့ ကြော်ငြာတွေရရှိမှုရဲ့ အခက်အခဲတွေ အများကြီးရှိလာပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ပြောင်းလဲရတဲ့ အခြေအနေတွေထဲက ပထမအချက်အနေနဲ့ စာအုပ်ဆိုင်တွေ နည်းလာတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ စာအုပ်ဈေးကွက်အနေနဲ့ ဒေသတွင်းနိုင်ငံများထက် စာအုပ်ရောင်းချမှု ဈေးနှုန်းကနိမ့်တဲ့အတွက် ကော်မရှင် နိမ့်တယ်။ ကော်မရှင်နိမ့်တဲ့အတွက် စာအုပ်ဆိုင်တွေက တဖြည်းဖြည်းနဲ့ မရပ်တည်နိုင်ဘူး။

 

တစ်ဖက်ကလည်း စက္ကူတို့၊ ပုံနှိပ်ခတို့ရဲ့ ကုန်ကျစရိတ်တွေ တက်လာပါတယ်။ အခြားတစ်ဖက်က ဘာဖြစ်လာလည်းဆိုတော့ အိုင်တီရဲ့ နည်းပညာ တိုးတက်လာတယ်။ ဈေးနှုန်းတွေက ကျလာတယ်။ ဒီအချိန်မှာ စားသုံးသူတွေအနေနဲ့ ဒစ်ဂျစ်တယ်ဘက်ကို စိတ်ပါဝင်စားလာတဲ့အတွက် ၂၀၁၅ ခုနှစ် နောက်ပိုင်း တော်တော်များများက ဒစ်ဂျစ်တယ်ဘက်ကို ပြောင်းလဲလာကြပါတယ်။

 

နိုင်ငံတကာကိုကြည့်ရင် သူတို့သတ်မှတ်ထားတဲ့ အခြေအနေအရ ဘာပြောလဲဆိုရင် နယူးရော့ကာတို့လို၊ ဘန်ကောက်ပို့စ်တို့လို မဂ္ဂဇင်းတွေဆက်ပြီး ရပ်တည်နိုင်ပါတယ်။ ဒါပေမယ့် သူတို့လည်း ဒစ်ဂျစ်တယ်ဘက်ကို သွားနေပါတယ်။ ထုံးစံအရဆိုရင် ကျွန်တော်တို့ မဂ္ဂဇင်းတွေက ပိုက်ဆံပေးဖတ်တဲ့သူတွေနဲ့ ကြော်ငြာအပေါ်မှာ ရပ်တည်ရပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ ခန့်မှန်းထားတာက ဘက်ပေါင်းစုံထုတ်ဝေနိုင်တဲ့ယန္တရား (Integrated Publication Mechanism) ဖြစ်လာပါတယ်။ ဒါက e-Publication ရှိရမယ်၊ ဝက်ဘ်ဆိုက်လည်း ရှိရမယ်၊ ဆိုရှယ်မီဒီယာပေါ်မှာလည်း ရပ်တည်နိုင်ရမယ်။

 

နောက်တစ်ခုက ဒိုင်ယာလော့ပါ။ စာရေးဆရာတွေနဲ့ စာဖတ်ပရိသတ်တွေကြားမှာ စကားပြောတာတို့၊ ဆက်သွယ်တာတို့ လုပ်လာမယ်၊ ဒီလို ပလက်ဖောင်းမျိုးတွေနဲ့ ရပ်တည်သွားရမယ်လို့ နိုင်ငံတကာမှာ ပြောဆိုနေတာ ရှိပါတယ်။

 

အစီအစဉ်မှူး။   ။           အပတ်စဉ်ထုတ် ဂျာနယ်တွေ၊ နေ့စဉ်ထုတ်သတင်းစာတွ ဒစ်ဂျစ်တယ် မီဒီယာ ပြောင်းလဲလာတဲ့ အနေအထားတွေကို ဦးသောင်းစုငြိမ်းက ဆွေးနွေးပေးပါဦး။

 

ဦးသောင်းစုငြိမ်း။          ။           ၂၀၀၀ ပြည့်နှစ်ကစပြီး အပတ်စဉ်ထုတ်ဂျာနယ် လောကထဲကို ကျွန်တော် စတင်ပြီး ဝင်ရောက်လာတာပါ။ အဲဒီတုန်းကလည်း စိန်ခေါ်မှုတွေ၊ အခက်အခဲတွေက ပုံစံအမျိုးမျိုးနဲ့ ရှိခဲ့ပါတယ်။ စာပေစိစစ်ရေး အပါအဝင် တင်းကြပ်တဲ့မူဝါဒတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ၂၀၀၅ / ၂၀၀၆ လောက်ကစပြီး စာနယ်ဇင်းလောကမှာ စာပေလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်တွေကို စတင်ပြီး တဖြေးဖြေးနဲ့ ပေးလာတဲ့အခါမှာ သတင်းဖော်ပြမှုတွေက ပိုပြီးသွက်လက်လာပါတယ်။

 

ဒီအချိန်မှာ ပြည်သူလူထုက သတင်းဂျာနယ်တွေကို ပိုပြီးဖတ်ရှုလာကြပါတယ်။ ၂၀၀၉ / ၂၀၁၀ ဝန်းကျင်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့အချိန်၊ ဒီအချိန်မှာလည်း စာပေစိစစ်ရေး မူဝါဒတွေက ပိုပြီးဖြေလျော့လာတဲ့အတွက် သတင်းဂျာနယ်တွေအနေနဲ့ ကောင်းမွန်တဲ့ ခေတ်တစ်ခေတ်အဖြစ် အားကောင်းခဲ့ပါတယ်။

၂၀၁၀ / ၂၀၁၁ / ၂၀၁၂ ဝန်းကျင်မှာ အင်တာနက်က သန်းနဲ့ချီတဲ့ မြန်မာပြည်သူလူထုရဲ့ လက်ထဲကို ရောက်ရှိလာပါတယ်။ အိမ်တွေ၊ ရုံးတွေမှာ အင်တာနက်တွေ တပ်ဆင်လာတယ်။ ဆိုက်ဘာကဖေးနဲ့ အင်တာနက်ကဖေးတွေကို တော်တော်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ အင်တာနက်သုံးစွဲမှုက အတော်မြင့်တက်လာပါတယ်။ ပထမအကြိမ် လွှတ်တော်အစည်းအဝေးခေါ်တဲ့ အချိန်တုန်းက ကျွန်တော် မှတ်မိတာက ဝက်ဘ်ဆိုက်တွေမှာ သတင်းပါသွားတယ်ဆိုရင် လွှတ်တော်ထဲအထိ ဂယက်ရိုက်သွားတယ်ဆိုတာကို မြင်တွေ့လာရပါတယ်။

 

ဒါပေမယ့် ပြည်သူလူထု သန်း ၅၀ နီးနီးကို တကယ်ထိရောက်မှုရှိတာက ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်တွေ ချပေးလိုက်တဲ့အချိန် ဆက်သွယ်ရေးအော်ပရေတာတွေ ပိုပြီးဝင်လာကြပါတယ်။ မိုလ်ဘိုင်းဖုန်းဈေးကွက်မှာ ယှဉ်ပြိုင်မှုတွေ ပိုပြီးအားကောင်းလာပါတယ်။ ဈေးတွေ အပြိုင်အဆိုင်လျော့လာတယ်။ ဝန်ဆောင်မှုတွေကို ပိုပြီးကောင်းအောင် လုပ်လာကြတယ်။ အင်တာနက် အမြန်နှုန်းတွေက မြင့်တက်လာပြီး အမေရိကန်၊ ယူကေနဲ့ ကမ္ဘာ့ပထမဈေးကွက်ရဲ့ နိုင်ငံတွေနီးနီးကို အင်တာနက်တွေက မြန်ဆန်ပြီးစိတ်ချရလာပါတယ်။

လူတွေရဲ့ လက်ထဲမှာ ၅ လက်မအရွယ် စမတ်ဖုန်းတွေ ရောက်ရှိလာတယ်။ အရင်က အင်တာနက်ကောင်းတယ် ဆိုပေမယ့် လူတိုင်းရဲ့အိမ်မှာ ကွန်ပျူတာ၊ လက်ပ်တော့တို့က မရှိပါဘူး။ နောက်ပြီး ကိုယ်နဲ့မကွာ သယ်သွားလို့မရနိုင်ဘူးဆိုတော့ သတင်းအချက်အလက်ရယူတဲ့ ပုံစံက နိုင်ငံခြားနဲ့ သိပ်မတူသေးပါဘူး။ ၂၀၁၃ - ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ  နည်းပညာပြောင်းလဲမှုတွေကြောင့်  ပြည်သူလူထုရဲ့ မီဒီယာသုံးစွဲမှုတွေ ပြောင်းလဲလာပါတယ်။ ဖေ့စ်ဘွတ်ကွန်ရက်ရဲ့ ပြန့်နှံ့မှုနှုန်းနဲ့ ရင့်ကျက်မှုက ပိုပြီးမြင့်မားလာတဲ့အခါ မြန်မာနိုင်ငံအတွင်းမှာ လူမှုကွန်ရက်က အရှိန်အဝါ ကြီးမားလာပြီး ပုံနှိပ်မီဒီယာသမားတွေ အားလုံးလိုလို ဒီအပေါ်ကို အသွင်ကူးပြောင်း တင်ဆက်လာကြပါတယ်။

 

ပထမဆုံးက ပုံနှိပ်မီဒီယာကနေ ဒစ်ဂျစ်တယ်မီဒီယာဆိုပြီး အင်တာနက်ကို သုံးစွဲတဲ့ပုံစံ ပြောင်းလဲလာတယ်။ အင်တာနက်ဝက်ဘ်ဆိုက်ကနေ နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာဖြစ်တဲ့ လူမှုကွန်ရက်ကို ကူးပြောင်းလာတယ်။

 

အရင်က ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေက ဝယ်ယူဖတ်ရှုကြတဲ့ဝင်ငွေနဲ့ ကြော်ငြာဝင်ငွေတွေနဲ့ ရရှိပါတယ်။ ဒီလိုပုံစံမျိုးကနေ  ဆိုရှယ်မီဒီယာခေတ်မှာ  ဆိုရှယ်မီဒီယာ၊ လူမှုကွန်ရက်ပေါ်မှာ ကိုယ့်ရဲ့သတင်းနဲ့ ကိုယ်ပေးချင်တဲ့အချက်အလက်ကို သန်းနဲ့ချီတဲ့ပရိသတ်တွေဆီ အခမဲ့ ရောက်အောင်ပေးပို့ပြီး အပြိုင်အဆိုင်လုပ်လာကြတဲ့အတွက် သတင်းစာတွေ၊ ဂျာနယ်တွေကို ပိုက်ဆံပေးပြီး ဝယ်ဖတ်တာတွေက လျော့သွားပြီး စီးပွားရေးလုပ်ငန်းတွေကနေထည့်တဲ့ ကြော်ငြာဝင်ငွေ တစ်ခုထဲကို မှီခိုရတဲ့ပုံစံအဖြစ် ပြောင်းလဲလာပါတယ်။ ထုတ်ဝေသူတွေအနေနဲ့ စီးပွားရေးပုံစံတွေပါ ပြောင်းလဲပြီး စဉ်းစားလာရတဲ့ အခြေအနေ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။   ။ နိုင်ငံတကာ သာမက မြန်မာနိုင်ငံမှာ ပုံနှိပ်နဲ့ ရုပ်မြင်သံကြား စနစ်ဟောင်းတွေ ကနေ ဒစ်ဂျစ်တယ်၊ ဆိုရှယ်နဲ့ မိုလ်ဘိုင်းတွေအပေါ်မှာ ဈေးကွက်ရေစီးကြောင်းတွေက ဘယ်လိုတွေ ပြောင်းလဲလာသလဲဆိုတာ ဒေါက်တာသာထွန်းဦးက ဆွေးနွေးပေးပါဦး။

 

ဒေါက်တာသာထွန်းဦး။  ။ ကျွန်တော်တို့ တိုင်းပြည်မှာ အပြောင်းအလဲက သိပ်အသိသာကြီး မဟုတ်ပါဘူး။ ဒစ်ဂျစ်တယ်ဈေးကွက် (Digital Marketing) အနေနဲ့ကြည့်မယ်ဆိုရင် လက်ရှိမှာ Traditional Media သမားရိုးကျမီဒီယာပါ။ အဲဒီမှာ တီဗွီ၊ Billboard ၊ ပုံနှိပ်မီဒီယာတွေ ပါမယ်။ ပုံနှိပ်မီဒီယာက ကျသွားတာသေချာပါတယ်။

 

ဒစ်ဂျစ်တယ်ဘက်မှာ အတော်တက်လာသလားဆိုတော့ လောလောဆယ် ဈေးကွက်ရဲ့ အဓိက ရည်ရွယ်ချက်က Target Audience ဦးတည်ပရိသတ်တွေအပေါ် မူတည်ပြီး ဆိုရှယ်မီဒီယာရှိတယ်လို့ ပြောလို့ရပေမယ့်၊ မြန်မာနိုင်ငံရဲ့ အဓိက ဖေ့စ်ဘွတ်ပါ။ ဖေ့စ်ဘွတ်ကို ဘယ်သူတွေက ကြည့်နေသလဲဆိုတာ မှန်းဆရတာ သိပ်ခက်ပါတယ်။

 

အိမ်နီးချင်းနိုင်ငံတွေကို ကြည့်လိုက်ရင် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်မှာ နှစ်စဉ် ဒစ်ဂျစ်တယ်မီဒီယာဘက်ကို ရွေ့သွားတဲ့ပမာဏက ၁၅ နဲ့ ၂၅ ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ ဖွံ့ဖြိုး တိုးတက်တဲ့ အင်တာနက်တွေ၊ ပလက်ဖောင်းတွေ အလွန်တိုးတက်တဲ့ စင်ကာပူမှာ ၂၀၂၀ ပြည့်နှစ်က ဒစ်ဂျစ်တယ်ဘတ်ချက်အနေနဲ့ ၃၁ ရာခိုင်နှုန်းအထိ သုံးပုံတစ်ပုံလောက် တက်သွားပါတယ်။

 

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် ၂၀၁၉ ခုနစ်မှာ ဒေါ်လာသန်း ၃၅၀ လောက် ဒစ်ဂျစ်တယ်ဘက်ကို ရောက်သွားပါတယ်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလအတွင်းမှာ ဒေါ်လာ သန်း ၄၅၀ လောက်အထိ ဖြစ်သွားပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ Mango မီဒီယာရဲ့ ပြောကြားချက်အရ ၂၀၁၉ ခုနှစ်မှာ ဒစ်ဂျစ်တယ်ဘတ်ချက်အနေနဲ့ ဒေါ်လာသန်း ၃၀ လောက်ရှိနိုင်တယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဒေါ်လာသန်း ၄၀ နဲ့ ၅၀ ကြားမှာ ရှိပါတယ်။

 

 မြန်မာနိုင်ငံအနေနဲ့ ကြည့်ရင် မီဒီယာဘတ်ချက်တစ်ခုလုံးက ဒေါ်လာသန်း ၂၃၀ နဲ့ ၂၅၀ ကြား မှာရှိတဲ့အတွက် သိပ်အတက်ကြီး မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ကန့်သတ် ချက်တွေက အများကြီးရှိပါတယ်။ Target Audience က ဘယ်သူလဲ၊ ဘယ်မီဒီယာနဲ့ ထိရောက်အောင်လုပ်နိုင်မလဲ။ ဒစ်ဂျစ်တယ် ဈေးကွက်နယ်ပယ်က အကြီးကြီးကျန်ပါသေးတယ်။ လုပ်ပိုင်ခွင့်တွေ၊ အခြေအနေတွေလည်း အများကြီးရှိတယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။

 

အစီအစဉ်မှူး။   ။           ဦးသောင်းစုငြိမ်းက မီဒီယာထုတ်ဝေသူနဲ့ ကြော်ငြာထည့်သွင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်းလည်း လုပ်ကိုင်နေသူဖြစ်တော့ ဈေးကွက်ပုံစံ ပြောင်းလဲလာတဲ့ အခြေအနေတွေ ကို ပြောကြားပေးပါဦး။

ဦးသောင်းစုငြိမ်း။          ။           ဒီလုပ်ငန်းနယ်ပယ်ထဲကို စပြီးရောက်တဲ့အချိန်က မဖွံ့ဖြိုးသေးတဲ့အချိန်၊ ဂျာနယ်အနေနဲ့ စောင်ရေက နည်းပါတယ်။ တီဗွီကပိုပြီး ကြော်ငြာဝင်တာ များပါတယ်။ လမ်းဘေးမှာ Billboard တွေထောင်ပြီး ကြော်ငြာတာတွေ၊ တခြားနည်းလမ်းတွေက ပိုပြီးများတယ်။ အထူးသဖြင့် ကျွန်တော်တို့ စပြီးထုတ်ခဲ့တဲ့ နည်းပညာဂျာနယ်တို့၊ သတင်းဂျာနယ်တို့က စစချင်းမှာ ကြော်ငြာထည့် တဲ့သူလည်း နည်းပါသေးတယ်။

 

သတင်းလွတ်လပ်ခွင့်တွေနဲ့အတူ စောင်ရေတွေ တက်လာတဲ့အချိန်မှာ ပုံနှိပ်ဂျာနယ်မှာ ကြော်ငြာထည့်တာ အတော်များခဲ့ပါတယ်။ ဝင်ငွေက အဆမတန် ထိုးတက်လာပြီး ခေတ်ကောင်းတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ ဒီနောက်ပိုင်း ဒစ်ဂျစ်တယ်မီဒီယာကို ကူးလာတဲ့အချိန်မှာ စောင်ရေတွေ ကျတာလည်းရှိသလို Digital Marketing ဒစ်ဂျစ်တယ်ဈေးကွက်ရဲ့ ဆွဲဆောင်အားက ကြော်ငြာရှင်တွေ၊ အေဂျင်စီတွေအနေနဲ့ ကိုယ်တိုင်ဈေးကွက်ထဲကနေ ကြော်ငြာတစ်ခု ထည့်လိုက်တယ်ဆိုရင် ဒီကြော်ငြာရဲ့ထိရောက်မှု၊ ပြန့်နှံ့မှုတွေက အရင်ပုံနှိပ်မီဒီယာမှာ ကြော်ငြာထည့်ရင် ကိုင်တွယ်လို့ မရခဲ့တဲ့ စွမ်းဆောင်မှု၊ ထိန်းချုပ်လို့ မရခဲ့တဲ့ အကြောင်းအရာတွေ ဒါတွေအားလုံးကို Digital Marketing မှာ လုပ်လို့ရလာပါတယ်။ ထုတ်ဝေသူတစ်ဦးအနေနဲ့ ကိုယ်ရဲ့မီဒီယာမှာ ကြော်ငြာလာထည့်တာ နည်း သွားတယ်လို့ တွေ့မြင်ခံစားနေရပါတယ်။

 

တစ်ဖက်မှာ ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းအသစ်တွေ စတင်ရာမှာ၊ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုအသစ်တွေကို မိတ်ဆက်ချင်တဲ့အခါမှာ အားသာချက်တွေ ပြန်ပြီးတွေ့ရပါတယ်။ ဒီမှာ ဘယ်လိုမျိုးတွေ ပြန်လုပ်လို့ရလာသလဲဆိုတော့ ကိုယ်က ဘယ်မြို့နယ်မှာနေတဲ့ ဘယ်လိုလူမျိုးကို Target ထားမယ်ဆိုတာမျိုးအထိကို လုပ်လို့ရလာပါတယ်။

 

နိုင်ငံခြားမှာ ကြော်ငြာနဲ့ပတ်သက်တဲ့ ပညာရှင်တွေ စမ်းသပ်ထားတာက သူတို့ Target ဦးတည်ထားတဲ့ လူပုဂ္ဂိုလ်တစ်ဦးကို သူ့ရဲ့နာမည်နဲ့ ကြော်ငြာတိုက်ရိုက် ပေးပို့လို့မရပေမယ့်၊ သူလို အလားတူ လူ ၅၀ / ၁၀၀ လောက်အထိကို ထိထိမိမိရောက်ရှိသွားအောင် သူတို့ ဦးတည်ပြီးလုပ်လို့ ရလာပါတယ်။ ဒီလိုမျိုး ဦးတည်ပြီးလုပ်လို့ရတဲ့အထိ Digital Marketing က စွမ်းဆောင်လို့နိုင်ပါတယ်။

 

ဒစ်ဂျစ်တယ်ပေါ်မှာ ကြော်ငြာတစ်ခုကို မြန်မာငွေကျပ် သိန်းနဲ့၊ သန်းနဲ့ချီပြီး သုံးမယ်ဆိုရင် လည်း သုံးလို့ရပါတယ်။ ဒါမှမဟုတ် ငွေကျပ် ငါးသောင်း၊ တစ်သိန်း စသဖြင့် Campaign တစ်ခုဖွင့်ပြီး သုံးမယ်။ ဉပမာ - ကမာရွတ်မြို့နယ်မှာရှိတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတွေကို ရည်ရွယ်ဦး တည်မယ်ဆိုတာမျိုးလောက်အထိကို အသေးစိတ်သတ်မှတ်ပြီး လုပ်လို့ရပါတယ်။

 

ဒါကြောင့် Digital Marketing ကပေးတဲ့ အခွင့်အလမ်းတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ပိုပြီးထိရောက်တဲ့ ရလာဒ်တွေကို မျှော်လင့်လို့ရလာနိုင်တယ်။ အဲဒီမှာ ရှိလာမယ့် စိန်ခေါ်မှုက Digital Marketing, Google နဲ့ ဆိုရှယ်မီဒီယာတို့ကပေးနေတဲ့ ကြော်ငြာပလက်ဖောင်းတွေက လေလံစနစ်နဲ့ သွားတာဖြစ်တဲ့အတွက် တဖြည်းဖြည်းနဲ့ ဈေးကပိုပြီး မြင့်တက်လာမှာ ဖြစ်ပါတယ်။

 

 ပုံနှိပ်မီဒီယာခေတ်တုန်းကလို ဂျာနယ်တွေအနေနဲ့ စောင်ရေတွေ တက်လာတဲ့အချိန်မှာ ကြော်ငြာနှုန်းထားတွေ ပိုပြီးတက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘက်မှာ စောင်ရေများလာတဲ့အတိုင်း ကုန်ကျစရိတ်တွေက ပိုပြီးများလာတာဖြစ်တဲ့အတွက် ကြော်ငြာခနှုန်းထားတွေ ပိုပြီးတက်လာသလို အခုဆိုရှယ်မီဒီယာကနေ တစ်ဆင့်သွားနေတာလည်း ဒီနေ့ မြန်မာငွေကျပ် တစ်သောင်းသုံးပြီး ရလာတဲ့ရလာဒ်ကို နောက်တစ်လကြာရင် ငွေကျပ် တစ်သောင်းခွဲသုံးမှ ရတော့မယ်။ နောက်တစ်နှစ်ကြာရင် ငွေကျပ် နှစ်သောင်းခွဲနဲ့ သုံးသောင်း အသုံးပြုမှ ဒီရလာဒ် အတူတူကို ရရှိမယ်ဆိုတာမျိုး တဖြည်းဖြည်းနဲ့ နှုန်းထားတွေက တက်လာပါမယ်။

 

ဒီတော့ Digital Marketing ကို အခုသွားနေတဲ့သူတွေအနေနဲ့ ပိုပြီးဖန်တီးမှုအားကောင်းတဲ့ ပုံစံတွေကို ရှာဖွေရမယ်။ ပိုက်ဆံကို ပုံအောပြီး သွားလို့မရတော့ဘူး၊ ကိုယ်က ဖန်တီးမှုတွေ လုပ်နိုင်ရင် ပိုပြီး အခွင့်အလမ်းတွေ ရလာမယ်၊ ပြိုင်ဆိုင်မှုတွေက ပိုပြီးပြင်းထန်လာမယ်လို့ ယူဆရပါတယ်။

 

အစီအစဉ်မှူး။   ။           ၂၀၂၁ ခုနှစ်အလွန်မှာ နည်းပညာတိုးတက်မှုနဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါ ရဲ့တွန်းအားကြောင့် လုပ်ငန်းလုပ်ကိုင်ပုံတွေ ပြောင်းလဲလာမယ်လို့ ပညာရှင်တွေက သုံးသပ်ပြောကြားထားတာရှိပါတယ်။ ဒစ်ဂျစ်တယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ဈေးကွက် ကဏ္ဍတွေမှာ အပြောင်းအလဲ အသစ်တွေနဲ့အတူ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းသစ်တွေက ဘယ်လိုမျိုးတွေ ရှိလာနိုင်မလဲဆိုတာ ဒေါက်တာသာထွန်းဦးက ဆွေးနွေးပေးပါဦး။

 

ဒေါက်တာသာထွန်းဦး။  ။           ကိုဗစ်ကြောင့်လည်း မဟုတ်ပါဘူး။ Digital Transformation က World Economic Forum ဦးဆောင်တဲ့ Klaus Schwann ကနေ စတုတ္ထစက်မှုတော်လှန်ရေးဆိုတဲ့ စကားလုံး စတင်သုံးနှုန်းလိုက်တဲ့အချိန်ကစပြီး ဘယ်လုပ်ငန်းတိုင်းမဆို Digital Transformation လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အယူအဆကို စပြီးကြားသိလာရပါတယ်။

 

လက်ရှိ သူတို့ပြောပြောနေတဲ့ VUCA ဖြစ်ပါတယ်။ Volatile ဖြစ်တယ်။ Uncertain ဖြစ်တယ်။ Complex ဖြစ်တယ်။ Ambiguous မှန်းလို့လည်း မရဘူး။ ဉပမာ - ကိုဗစ်ကာလကို ကြည့်လိုက်ရင် လုပ်ငန်းအများစုက ရပ်တန့်သွားတယ်၊ နှောင့်နှေးသွားတယ်ဆိုပေမယ့် GRAB Food တို့လို၊ Food Panda တို့လို အလုပ်အကိုင် အခွင့်အရေးတွေ အများကြီးတက်လာတာရှိပါတယ်။

 

Digital Transformation ကြောင့် Marketing လည်းပါတယ်။ မီဒီယာလည်းပါတယ်။ အားလုံးမှာ ဘာစိန်ခေါ်မှုတွေ ဖြစ်လာသလဲဆိုတော့ Change လုပ်ရမယ်။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ အဓိက ခေါင်းဆောင်ပိုင်းက Leadership Style ကိုပြင်ဆင်ရမယ်။ ကျွန်တော်တို့ သိထားတဲ့ နည်းပညာ၊ အတွေ့အကြုံ၊ ဗဟုသုတလောက်နဲ့ လုပ်လို့မရပါဘူး။ Learning ပြင်ဆင်ရတော့မယ်။ အထူးသဖြင့် ကျွန်တော်တို့က Late Comer ဖြစ်တဲ့အတွက် Leapfrog လုပ်သွားနိုင်တဲ့ အခွင့်အလမ်း တွေ၊ သူများတွေရဲ့သင်ခန်းစာကိုယူပြီး လုပ်နိုင်ဖို့လိုပါတယ်။

 

စိန်ခေါ်မှုမှာ ဘာတွေ့နေရသလဲဆိုတော့ ဉပမာ - Digital Marketing မှာ နိုင်ငံခြားကနေ DICA ကို Register မလုပ်ဘဲ ကြော်ငြာတွေ လုပ်လာကြတယ်။ ဈေးကွက်တွေ လုပ်လာကြတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အခွန်အကောက်ဆုံးရှုံးပါတယ်။ နောက်တစ်ခုက မြန်မာလူငယ်တွေ ပညာမရလိုက်ပါဘူး။ ပြဿနာက Digital Marketing ဖြစ်စေ၊ ဒစ်ဂျစ်တယ်မီဒီယာဖြစ်စေ အခွင့်အရေးတွေက အများကြီးပါ။

 

ဒီအတွက် ကျွန်တော်တို့က ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ အဖွဲ့အစည်းတွေက ထိန်းကျောင်းပေးရမယ်။ ကြော်ငြာလုပ်ငန်းရှင်တွေဖက်ကလည်း သတိထားရမှာက ဘယ်လို ဒစ်ဂျစ်တယ်မီဒီယာတွေ၊ ဘယ်လိုအေဂျင်စီတွေနဲ့ အသုံးပြုရမလဲ ဖြစ်ပါတယ်။ နောက်စိန်ခေါ်မှုတစ်ခုက အခုဆိုရင် ဖေ့စ်ဘွတ်ကနေ Privacy Control လုပ်လာတယ်။ iphone ကနေ ဒေတာတွေသုံးလို့ မရအောင် လုပ်လာတယ်။

 

ဒီလို ကန့်သတ်လာတဲ့အတွက် Privacy Law ကို သတိထားဖို့ လိုပါတယ်။ ရေရှည်မှာ ဘယ်ကိစ္စမဆို ဒစ်ဂျစ်တယ်အနေနဲ့ လုပ်ကိုလုပ်ရမယ်။ Digital Transformation ဖြစ်တဲ့အတွက် မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းတွေက အများကြီးရှိပါတယ်။ ကြိုးစားနိုင်ရင် အခွင့်အရေးတွေ ရလာမှာ ဖြစ်ပါတယ်။

 

နောက်ပြီး Digital Marketing က လူအများကြီးနဲ့ စတင်စရာ မလိုပါဘူး။ ကုန်ကျစရိတ် နည်းတဲ့အတွက် လူတိုင်းနီးပါး ဝင်ရောက်လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ပညာပြည့်ဝဖို့ လိုအပ်ပါတယ်။ အရာရာမှာ တူနေတော့ ဘာကိုယှဉ်ပြိုင်လာမလဲဆိုရင် Strategy တွေ ပြိုင်ဆိုင်လာမယ်။ ခုနလို Privacy Control လုပ်လာတဲ့အတွက် ကျွန်တော်တို့ရဲ့ Strategy တွေ၊ Creative Works တွေက Insightful, Practical ဖြစ်ဖို့ လိုလာတယ်။ Relevant ဖြစ်ဖို့ လိုလာတယ်။

 

ကြော်ငြာရှင်တွေဖက်က ဒါကို သတိထားရမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်မီဒီယာနဲ့ မြန်မာနိုင်ငံမှာကြုံရမယ့် စိန်ခေါ်မှုတစ်ခုက ပိုက်ဆံပေးဖတ်တဲ့ အလေ့အကျင့်ကို တော်တော်လုပ်ယူရဦးမှာ ဖြစ်ပါတယ်။ သတင်းတွေကို အလွယ်တကူ အများကြီးရတဲ့အတွက် ကောင်းတာလည်းရှိတယ်။ Fake News လို ပြဿနာတွေလည်း ရှိပါတယ်။

 

မီဒီယာတွေဘက်ကလည်း  စာရေးဆရာတွေ၊ ထုတ်ဝေသူတွေကို သူတို့ရဲ့ စာပေနဲ့ အနုပညာဆိုင်ရာ မူပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ Fees ငွေကြေးပမာဏ တစ်ခုပေးပြီး သတင်းတွေကို ပိုက်ဆံပေးဖတ်တဲ့ အလေ့အကျင့်ရှိမှ ရေရှည်မှာ ဒစ်ဂျစ်တယ်မီဒီယာတွေ ရှင်သန်သွားနိုင်မှာဖြစ်ပါတယ်။ Digital Transformation က ကြုံကိုကြုံရမယ်။ Digital Transformation ကြောင့် တချို့လုပ်ငန်း တွေမှာ စိန်ခေါ်မှု အကြီးအကျယ်ဖြစ်နိုင်သလို တချို့လုပ်ငန်းတွေမှာ အခွင့်အရေးတွေ အများကြီး ရလာနိုင်ပါတယ်။ လူငယ်တွေအတွက် အခွင့်အရေးတွေ ရလာနိုင်တယ်။ ဒစ်ဂျစ်တယ်ကို ဦးစားပေး ပြီး လေ့လာဖို့ ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်။

 

အစီအစဉ်မှူး။   ။           ၂၀၂၁ ခုနှစ်အလွန်မှာ ဒစ်ဂျစ်တယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ဈေးကွက် ကဏ္ဍတွေ နဲ့ပတ်သက်ပြီး ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေဖြစ်လာနိုင်သလဲဆိုတာ ဦးသောင်းစုငြိမ်းက သုံးသပ်ဆွေးနွေးပေးပါဦး။

 

ဦးသောင်းစုငြိမ်း။          ။           ၂၀၂၁ ခုနှစ်အလွန်မှာ ဒစ်ဂျစ်တယ်နဲ့ကူးပြောင်းသွားတဲ့ ပုံစံအသစ်တွေကို အများကြီးဆက်ပြီး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်က တစ်ကမ္ဘာလုံးမှာ ကိုဗစ် - ၁၉ ကပ်ဘေးကြီးဆိုက်နေတဲ့အတွက် ကျွန်တော်တို့အားလုံး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေကို ဖြတ်သန်းလာခဲ့ရပါတယ်။

 

ဒုက္ခပေါင်းများစွာကနေ ကောင်းတဲ့အချက်တစ်ခုကို ဆွဲထုတ်ပြီးပြောရမယ်ဆိုရင် ကပ်ရောဂါဘေးရဲ့ တွန်းအားကြောင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို တွန်းပို့ခံလိုက်ရပါတယ်။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်ကတည်းက မြန်မာနိုင်ငံမှာ e-Governmet ကို လုပ်မယ်။ ဒစ်ဂျစ်တယ် အစိုးရလုပ်မယ်စသဖြင့် ကျွန်တော်တို့တွေ ကြွေးကြော်လာခဲ့တာ အခုကိုဗစ်ရဲ့တွန်းအားလောက်ကို အကျိုးမသက်ရောက်ခဲ့ပါဘူး။

 

အခုလည်း မပြီးသွားပါဘူး။ နောက် တစ်နှစ်/ နှစ်နှစ် ဘယ်လောက်ကြာမလဲဆိုတာ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် အခုဆက်ပြီး အတူယှဉ်တွဲ နေထိုင်ရမယ်ဆိုတဲ့အချိန်မှာ နည်းပညာသမားတွေအနေနဲ့ မျှော်လင့်ချက်တစ်ခုထားတာက အခုလူနေမှုပုံစံတွေ ဒစ်ဂျစ်တယ်ကို ဦးစားပေးတဲ့ ခေတ်တစ်ခုကို ပြောင်းလာတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နည်းပညာကို အကျိုးရှိထိရောက်စွာ အသုံးချမှုအနေနဲ့ အရင်တုန်းက အညွှန်းကိန်းတွေကို ယှဉ်ကြည့်ရင် အများကြီးနိမ့်နေပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်မတန်းနိုင်ခဲ့ပါဘူး။

 

ဒီတွန်းအားတွေကြောင့် အဖိုး၊ အဖွားအရွယ်တွေကအစ အခုဆိုရင် Zoom Meeting ထဲကို ဝင်တတ်လာပါတယ်။ Messenger ဖွင့်ပြီး သားသမီးမြေးမြစ်တွေနဲ့ Video Call လုပ်တတ်လာတယ်။ ဒါမျိုးတွေက ပြီးခဲ့တဲ့နှစ်က ဘယ်လိုမှ မစဉ်းစားနိုင်ခဲ့တဲ့အရာတွေ ဖြစ်ပါတယ်။ အခုဆိုရင် ပြည်ထောင်စုဝန်ကြီးတစ်ဦးနဲ့ အစည်းအဝေးလုပ်ကြမယ်ဆိုတဲ့အခါ ဒီဘက်အသင်းအဖွဲ့ကလည်း အားလုံး Zoom ပေါ်ကို တက်လာပြီး ပြောဆိုဆွေးနွေးခွင့်တွေ ရလာတယ်ဆိုတော့ အစည်းအဝေးတွေ အများကြီး ပိုလုပ်ဖြစ်လာတယ်။

 

ဒစ်ဂျစ်တယ်ကူးပြောင်းမှုကြောင့် ကောင်းတဲ့ရလာဒ်တွေ အများကြီး ထွက်လာပါတယ်။ ဒါကို စဉ်းစားပြီး ဒစ်ဂျစ်တယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ဈေးကွက်မှာ ဒီလိုမျိုး ထိရောက်တဲ့ ပုံစံပြောင်းလဲမှုတွေကို အများကြီးမြင်တွေ့နိုင်ပါတယ်။ New Paradigm တစ်ခုလို့ သတ်မှတ်လို့ ရပါတယ်။ နိုင်ငံခြားမှာ ရေစီးကြောင်းအနေနဲ့ ဖြစ်နေတာ ဆယ်စုနှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။

 

ဆိုရှယ်မီဒီယာပေါ်ကနေ စီးပွားရေးလုပ်ငန်းတွေ၊ ဈေးကွက်တွေ ကူးပြောင်းသွားတာကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေကစပြီး မြင်တွေ့လာရတယ်။ နိုင်ငံခြားမှာ တကယ့်နာမည်ကြီးတဲ့ Social Influencer တွေဆိုရင် သူတို့ရဲ့ Instagram အကောင့်တစ်ခုမှာ ပုံရိုက်ပြီးတင်တယ်။ အဲဒီပုံမှာ Caption စာတစ်ခုတွဲပြီး ရေးမယ်။ သက်ဆိုင်ရာလုပ်ငန်းကို တွဲတင်လိုက်မယ်။ ဒါမျိုးအတွက်ကို ဒေါ်လာခုနစ်သောင်းခွဲ၊ တစ်သိန်းစသဖြင့် ဒီလိုမျိုးတွေအထိကို တောင်းလို့ရတဲ့အထိ အင်အားရှိပါတယ်။

 

ဒီလိုအင်အားရှိဖို့အတွက် သူတို့ဆီမှာ Follower ပေါင်းက သန်း ၂၀၊ ၃၀ လောက်ရှိပါတယ်။ သူတို့ တစ်ကြိမ်တင်လိုက်ရင် ဒီဘက်မှာလည်း သူတို့ကြော်ငြာတာကိုရရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ တကယ့်ကိုရောင်းအား၊ မောင်းနှင်အားတစ်ခု လက်တွေ့ရရှိတော့ သူတို့ရဲ့ ဈေးနှုန်းတွေက အတော်ကောင်းပါတယ်။

 

မီဒီယာလုပ်ငန်းတွေအနေနဲ့ ပုံနှိပ်မီဒီယာကနေ ဒစ်ဂျစ်တယ်မီဒီယာကို ကူးပြောင်းတဲ့အခါ သူတို့ရဲ့ ပလက်ဖောင်းတွေပေါ်ကနေ စီးပွားရေးလုပ်ငန်းတွေရဲ့ ဈေးကွက်ရှာဖွေရေးမှာ တစ်ချက်၊ တစ်ချက်တွန်းလိုက်တယ်ဆိုရင် ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါတွေက နိုင်ငံခြားမှာ ဆောင်ရွက်နေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။

 

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်တွေထဲမှာ သိသာထင်ရှားလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ဘယ်လောက်ပဲ အွန်လိုင်းကနေ လော်စပီကာကြီးနဲ့ အော်ပေမယ့် နောက်ဆုံးကျတော့ အွန်လိုင်းကနေ ဘာမှဝယ်လို့မရဘူး။ အွန်လိုင်းကနေ ထိထိရောက်ရောက် ဘာမှပြီးမြောက်အောင် လုပ်လို့မရတဲ့အတွက် ဈေးမှာ၊ ပလာဇာမှာ ၊ Shopping Mall မှာ၊ ဆိုင်ရှိတဲ့နေရာကို သွားမယ်ဆိုတာ ဖြစ်လာရပြီး ကြော်ငြာကိုတွေ့ရှိတာနဲ့ ဝယ်မယ်ဆိုတာအကြားမှာ ပွတ်တိုက်မှုတွေက ရှိနေပါတယ်။

 

 ဒီလိုပွတ်တိုက်မှုတွေ ရှိနေတဲ့အတွက် ချက်ချင်းဆိုသလို ကြော်ငြာတစ်ခုကို မြင်လိုက်တဲ့အခါ နှိပ်ပြီးဝယ်လိုက်မယ်ဆိုတာကို မရောက်ရှိသွားပါဘူး။ ဒါပေမယ့် ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းတော်တော်များများက အွန်လိုင်းပေါ်တက်လာပြီး Live Sale တွေ၊ ဗွီဒီယိုတွေနဲ့ ရောင်းချနေပါတယ်။ Comment Section တွေထဲမှာ၊ Chat Box တွေထဲမှာ ပစ္စည်းတွေမှာတယ်၊ အရောင်း အဝယ် ဖြစ်ကြတယ်။

 

ဒီလိုမျိုးတွေ ဖြစ်လာတဲ့အတွက် အွန်လိုင်းပေါ်မှာ ကြော်ငြာတဲ့လုပ်ငန်းက ပိုပြီးအကျိုးသက် ရောက်မှုရှိတာတွေကို မြင်လာရပါတယ်။ ဒါကြောင့် နောက်ပိုင်း မြင်တွေ့လာနိုင်တာက Influencer တွေကနေ ကြော်ငြာပေးမယ်၊ ပစ္စည်းကို ရောင်းပေးမယ်ဆိုတာတွေ ပိုများလာနိုင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာဆိုရင် နာမည်ကျော် ရုပ်ရှင်မင်းသမီးတွေ၊ အဆိုတော်တွေ၊ အခြားနာမည်ကျော်ကြားသူတွေက ဦးဆောင်လုပ်ကိုင်နေတာကို မြင်တွေ့ရပါတယ်။ ဒီလိုကြော်ငြာတဲ့ပုံစံက ရေစီးကြောင်း တစ်ခုအနေနဲ့ ဆက်ပြီးသွားနိုင်ပါတယ်။

 

နောက်တစ်ခုက‌ နိုင်ငံခြားမှာ အားလုံးလိုလို ဖန်တီးနိုင်စွမ်းရှိတယ်။ မည်သူမဆို သူသိတဲ့ အချက်အလက်တစ်ခုကို ကောင်းကောင်းပြန်ပြီး ဝေမျှပေးနိုင်တယ်ဆိုရင် ဒါကိုသိချင်တဲ့သူ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်သိန်းရှိလား ဒါက သူ့ရဲ့အမာခံပရိသတ်ဖြစ်လာနိုင်ပြီး သူ့နောက်ကို Follow လုပ်တာဖြစ်လာနိုင်တယ်။

 

အရင်ခေတ်ကဆို မီဒီယာလုပ်ငန်းတစ်ခု ထူထောင်ဖို့အတွက် ဝန်ထမ်းတွေ အများကြီးခန့်ရမယ်၊ အယ်ဒီတာအဖွဲ့ ဖွဲ့ရမယ်၊ ထုတ်ဝေခွင့်လိုင်စင် လျှောက်ဖို့အတွက် အခြေခံလိုအပ်ချက်တွေ ပြည့်မီအောင် တော်တော်လုပ်ရမယ်၊ ပုံနှိပ်တိုက်တွေ ထူထောင်ရမယ် သို့မဟုတ် ပုံနှိပ်တိုက်တွေနဲ့ စာချုပ်ချုပ်ဆိုရမယ်၊ ဖြန့်ချိရေးတွေပြင်ဆင်ရမယ် စသဖြင့် အများကြီးလုပ်ရမှာကနေ ဒစ်ဂျစ်တယ် မီဒီယာမှာ တစ်ဦးတစ်ယောက်ထဲကနေ မီဒီယာလုပ်ငန်းကို စပြီးလုပ်လို့ရလာပါတယ်။

 

မည်သူမဆို ဥပမာ - ကိုယ်က စန္ဒယားတီးတတ်တယ်၊ ဂစ်တာတီးတတ်တယ်၊ ပန်းချီဆွဲတတ်တယ်ဆိုရင် ဒါကို ပြန်ပြီးသင်ပြမယ်၊ ပြန်ပြီးဝေမျှမယ် ဆိုတာကနေ တဖြည်းဖြည်းနဲ့ သူ့ရဲ့ Follower အမာခံပရိသတ်ရလာမယ်။ ပရိသတ်တွေများလာမယ်ဆိုရင် သူ့အနေနဲ့ ဒါကို စီးပွားဖြစ်အနေနဲ့ စပြီး စဉ်းစားလို့ ရလာနိုင်တယ်။ ဥပမာ -  အနည်းဆုံးအခြေခံက စီးပွားရေးလုပ်ငန်း တစ်ခုနဲ့ ပူးပေါင်းပြီး သူ့ရဲ့ပရိသတ်ဆီကို ဒီစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ ကြော်ငြာကို တင်ပြပေးတာမျိုး လုပ်လို့ရပါတယ်။ သို့မဟုတ် သူကိုယ်တိုင်ကပဲ ကုန်ပစ္စည်း တစ်ခုခု၊ ဝန်ဆောင်မှု တစ်ခုခုကို ထုတ်လုပ်ပြီး သူကိုယ်တိုင် ရောင်းချသူ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်အနေနဲ့ ပြောင်းလဲလာနိုင်ပါတယ်။

 

နိုင်ငံခြားမှာ Influencer တွေ၊ Celebrity တွေ၊ မင်းသားမင်းသမီးတွေရဲ့ Trend ကို ဒီလိုမျိုး မြင်ရပါတယ်။ ကျွန်တော့်အနေနဲ့ တိုက်တွန်းအားပေးချင်တာက ဒစ်ဂျစ်တယ်မီဒီယာကနေ အခွင့်အလမ်းတွေအနေနဲ့ အများကြီးရှိပါတယ်။ ဒီအခွင့်အလမ်းတွေကို လူတိုင်း လက်ဆုပ်လက်ကိုင် ရယူပြီး ဆောင်ရွက်နိုင်ပါတယ်။ ဒီအတွက် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။ အခွင့်အလမ်း တွေရှိသလို စိန်ခေါ်မှုတွေ၊ အခက်အခဲတွေလည်း ရှိပါတယ်။ ဒါတွေကို ဌာနဆိုင်ရာတွေကစပြီး ဥပဒေပြုအဖွဲ့အစည်းတွေ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေ အားလုံးမှာ တာဝန်တွေ၊ ဝတ္တရားတွေ ပိုပြီးများလာပါတယ်။

 

 အထူးသဖြင့် ဆိုက်ဘာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ၊ ဒစ်ဂျစ်တယ် သိနားလည်မှုတွေ လိုအပ်လာမယ်။ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီက ငွေတွေအလိမ်မခံရအောင် သတိထား တတ်လာမယ်။ ကိုယ်က တစ်ခါမှ တစ်ခြားနိုင်ငံက ထီမထိုးဖူးဘဲနဲ့ တစ်ခြားနိုင်ငံက ထီပေါက်တယ် ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ဆိုတာမျိုးတွေကို သိရမယ်။ ပြည်တွင်းမှာ ထီမထိုးတဲ့သူတစ်ယောက်က ထီပေါက်တယ်ဆိုတာ မဟုတ်ဘူးဆိုတာကို သိရမယ်။

 

ပစ္စည်းတွေ တစ်ခုခုကြော်ငြာထားတာတွေ့လို့ ဝယ်မယ်ဆိုရင် ကိုယ်ဝယ်ထားတဲ့ ဝက်ဘ်ဆိုက် သို့မဟုတ် ဖေ့စ်ဘွတ်စာမျက်နှာက ဘယ်လောက်ခိုင်မာမှုရှိသလဲ သူ့ရဲ့ နောက်ကြောင်းကို လိုက်နိုင်ရမယ်။ အရင် ရက်တွေ၊ လတွေက တင်ထားတဲ့ သူ့ရဲ့ Post မှာ၊ Comment တွေမှာဝင်ပြီး ဖတ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီမှာ စားသုံးသူတွေက Complaint လုပ်ထားသလား၊ ထောက်ခံထားသလားဆိုတာ နည်းနည်းစစ်ဆေးတတ်တဲ့ အကျင့်မျိုးရှိရပါမယ်။ ဒါက ပြည်သူတစ်ဦးချင်းအနေနဲ့ ဒီလိုအသိတွေရှိဖို့ လိုပါတယ်။

 

တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေမှာလည်း အင်အားနဲ့ အလုပ်မမျှဘူးဆိုတာ မြင်တွေ့ရတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ အမှုအခင်းတွေ ဖြစ်ပေါ်လာတဲ့အတွက် လိုအပ်တဲ့လေ့ကျင့် သင်ကြားမှုတွေ၊ လေ့လာသင်ယူမှုတွေလုပ်ပြီး ပြင်ဆင်ဖွဲ့စည်းသင့်ပါတယ်။ ဆိုက်ဘာအမှုအခင်းတွေနဲ့ ပတ်သက်တာတွေကို အထူးပြင်ဆင်ထားသင့်ပါတယ်။

 

အထူးသဖြင့် e–Commerce တို့၊ Digital Marketing တို့ လုပ်လာပြီး ဆိုက်ဘာအမှုအခင်းတွေ ဖြစ်ခဲ့တယ်ဆိုရင် ဘယ်လိုထိရောက်လျင်မြန်စွာ အရေးယူမလဲ။ ဒီလိုအရေးယူတဲ့ အဖွဲ့အစည်းတွေ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ၊ တရားရုံးတွေမှာ ဒါတွေကို တရားစီရင်နိုင်ပြီလား၊ ဒါတွေ အားလုံးကို လူ့အသိုက်အဝန်းတစ်ခုလုံးက ပြင်ဆင်ဖို့လိုပါတယ်။

 

အမုန်းစကားလိုကိစ္စတွေကို လွတ်လွတ်လပ်လပ်ဖန်တီးပြီးတင်ဆက်လို့ ရလာတဲ့အချိန်မှာ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ယူမှု၊ တာဝန်သိမှုစိတ်ဓာတ်တွေနဲ့ ကျင့်ဝတ်တွေလည်း လိုက်နာဖို့လိုတယ်ဆိုတဲ့ အသိပညာပေးလုပ်ငန်းတွေ များများလုပ်ဖို့ လိုပါတယ်။

 

မီဒီယာရဲ့ အကျိုးသက်ရောက်မှုက များသလို သူ့ရဲ့အန္တရာယ်ဖြစ်စေနိုင်မှုကလည်း ပိုပြီး မြင့်လာတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒါကိုထိုင်တွေးပြီး ကြောက်နေဖို့ မလိုပါဘူး။ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို သိထားပြီး ကိုယ့်အနေနဲ့ ဒီအခွင့်အလမ်းတွေအပေါ်မှာ ကောင်းကောင်း ဘယ်လိုအသုံးချမလဲ၊ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကို ပြင်ဆင်ထားနိုင်ရင် ဒစ်ဂျစ်တယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ဈေးကွက်ရဲ့ စွမ်းအားတွေကြောင့် ကျွန်တော်တို့အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

 

ထက်လျှံ