စုပေါင်းအင်အားဖြင့်နိုင်ငံအောင်မြင်ရေးကြိုးပမ်း

mdn

နေပြည်တော် ၁၇ ဖေဖော်ဝါရီ

 

နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏အရေးကိစ္စများအတွက် အားလုံးတွင်တာဝန်ရှိပါသည်ဟု ဆိုသော်လည်း ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရတွင်မူ အဓိကတာဝန်ရှိပေသည်။ ပြည်သူ့အစိုးရသည် ပြည်သူလူထု၏အကျိုးစီးပွားကို အလေးထား ဖော်ဆောင်ပေးရန် တာဝန်ရှိသည်နှင့်အညီ တာဝန်ယူသည့်ကာလအတွင်း အားကြိုးမာန်တက် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

 

ပြည်သူ့အစိုးရအနေဖြင့် သုံးနှစ်တာကာလအတွင်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူ့အကျိုးစီးပွားများ မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် တိုင်းဒေသကြီး၊ ပြည်နယ်များသို့မကြာခဏသွားရောက်ပြီး အစိုးရတာဝန်ရှိ သူများနှင့် ပြည်သူလူထုတို့ကိုတွေ့ဆုံကာ ဆွေးနွေးညှိနှိုင်း တည့်မတ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကော့သောင်း ခရိုင်နှင့် ထားဝယ်ခရိုင်အတွင်းရှိဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် “ပြင်ပစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကျွန်မတို့ရဲ့ ညီညွတ်ရေးကိုလည်း ပိုမိုပြီးတော့ ခိုင်ခိုင်မာမာတည်ဆောက်စေချင်တယ်။ ပြည်တွင်းစိန်ခေါ် မှုတွေနဲ့ပတ်သက်လို့ တိုင်း၊ ပြည်နယ်အစိုးရတွေက ပိုမိုပြီးတော့ လုပ်ဖို့လိုတယ်။ ကြိုးစားဖို့လိုတယ်။ ပြည်သူလူထုနဲ့ ထိတွေ့ဖို့လိုတယ်ဆိုတာကို ကျွန်မ ကော့သောင်းကနေပြီး တစ်တိုင်းပြည်လုံးကို သတင်း စကားပါးလိုက်ချင်ပါတယ်”ဟု အသိပေး ခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယခုရက်ပိုင်းများအတွင်း မြန်မာနိုင်ငံ၏ မြောက်ဖျား၊ အရှေ့ဖျား၊ တောင်ဖျား တိုင်အောင် ဒေသ အနှံ့အပြားသို့ မမောနိုင် မပန်းနိုင် သွားရောက်ခဲ့ပြီး နိုင်ငံအကျိုး၊ ပြည်သူအကျိုးများအား အလေးထားဆွေးနွေး ဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။ ထိုသို့တွေ့ဆုံရာ တွင် ဒေသဆိုင်ရာအစိုးရတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများအားတွေ့ဆုံခဲ့ပြီး ဒေသဆိုင်ရာ အ စိုးရအဖွဲ့ဝင်များ လုပ်ဆောင်ရမည့်တာဝန်၊ ဒေသခံပြည်သူများ ခံယူရမည့်သဘောထား များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြည်သူများသိလိုသည်တို့ကို ရှင်းလင်းစွာ အသိပေးပြောကြားခဲ့သည်။ မြန်မာနိုင်ငံမြောက်ဖျား၊ အရှေ့ဖျားဒေသများမှာ သုံးနှစ်အတွင်း သိသိသာသာ တိုးတက်ခဲ့ပြီး ပြည်သူလူထု ကျေနပ်မှု အနည်းဆုံး ဒေသမှာ တနင်္သာရီတိုင်းဒေသကြီးဖြစ်ကြောင်း မှတ်ချက်ပြု သတိပေးပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကိုရော၊ ပြည်သူများကိုပါ အပြုသဘော ဆောင်ပြီး အကောင်းမြင်စိတ်ထားဖြင့် ထိတွေ့ဆက်ဆံဆွေးနွေးပြောကြားခဲ့သည်။

 

ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်တင်မြှောက်ထားသော အစိုးရ ဖြစ်၍ အရေးကိစ္စများတွင် အစိုးရ၌ တာဝန်ရှိသလို မိမိတို့သည်လည်း တာဝန်မကင်းသည်ဖြစ်ရာ ထိန်းသိမ်းသင့်သည်တို့ကို ထိန်းသိမ်း၊ တည့်မတ်သင့်သည်တို့ကို တည့်မတ်၊ ပြုပြင်သင့်သည်တို့ကို ပြုပြင်၊ တောင်းဆိုသင့်သည်တို့ကို တောင်းဆိုကြ ရမည်ဖြစ်သည်။ သို့သော် တစ်ဖက်သတ်အမြင်ဖြင့် မဆောင်ရွက်သင့်ဘဲ မျှမျှတတ ဆောင်ရွက်ရမည်ဖြစ်ရာ ပြည်သူတိုင်းအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်သုံးသပ်ကြရမည်ဖြစ်သည်။ သို့မှသာ ဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံ ဖြစ်လာပေလိမ့်မည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကိုရော၊ ပြည်သူများကိုပါ နိုင်ငံတိုးတက်ရေးအတွက်ထားရှိရမည့်သဘောထားများနှင့် ကျင့်ကြံလုပ်ဆောင်ရမည်တို့ကိုကျယ်ကျယ်ပြန့်ပြန့် အသိပေးပြောကြားခဲ့ပြီးဖြစ်ရာ ဒေသဆိုင်ရာအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြည်သူများနှင့် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံကာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရှေ့အဖို့တွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေး ထားသော တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှာကြား ထားချက်များအတိုင်း ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြပြီး ပြည်သူများအနေဖြင့် အပြုသဘောဆောင်၊ အကောင်းမြင်စိတ်ထား များဖြင့် မိမိတို့ဒေသ ကောင်းရာကောင်းကြောင်းများကို ပိုမိုလက်တွဲဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း