Crocus City Hall ကဇာတ်ရုံ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူ လေးဦးအပါအဝင် ဆက်နွှယ်သူ ၁၁ ဦးကို ဖမ်းဆီးရမိ

မော်စကို၊ မတ် ၂၄

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Crocus City Hall ကဇာတ်ရုံ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူ လေးဦးအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွှယ်သူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။

တိုက်ခိုက်မှုနောက်ကွယ်မှ ကြိုးကိုင်သူများကိုပါ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ကတိပြုပြီး မတ် ၂၃ ရက်ကို နိုင်ငံတော် ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ် ၂၄ ရက် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မတ် ၂၂ ရက် ညပိုင်းတွင် မော်စကိုမြို့တော်ဆင်ခြေဖုံးရှိ Crocus City Hall ကဇာတ်ရုံတွင် ဖျော်ဖြေပွဲ လာရောက်သူများအား အမည်မသိ သေနတ်သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကဇာတ်ရုံတစ်ခုလုံး မီးလောင်ကျွမ်းကာ အဆောက်အအုံ၏ ခေါင်မိုးပြိုကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၄၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်