စပါးရဲ့ ပွဲစဉ်တွေနဲ့ ရာသီကုန်အထိလွဲချော်ရတော့မယ့် ဟယ်ရီကိန်း

၁၁  ဧပြီ

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ခြေမျက်စိဒဏ်ရာရရှိခဲ့တာကြောင့် စပါးအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေနဲ့ လွဲချော်ရတော့မှာဖြစ်တယ်လို့စပါးအသင်းနည်းပြ ပိုချက်တီနိုက ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဟယ်ရီကိန်းဟာ မန်စီးတီးအသင်းကို စပါးအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူးဟယ်ရီကိန်းဟာ အဲဒီပွဲစဉ်မှာ ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းထဲကနေ ချိုင်းထောက်နဲ့ထွက်ခွာသွားခဲ့ရတာဖြစ်လို့ စပါးအသင်း အတွက်တော့ စိုးရိမ်စရာတစ်ခုလို့ ပိုချက်တီနိုက ဆိုပါတယ်။

ပုံမှန်အတိုင်း ပြန်လည်ကစားနိုင်ဖို့ အချိန်အများကြီးစောင့်ရဦးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အခုဘောလုံးရာသီ ကုန်အထိတောင် အသင်းမှာ ပါဝင်ကစားနိုင်ဖို့မရှိပါဘူး။ ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာ မန်စီးတီးကစားသမား ဖာဘီယန်ဒဲလ်ရဲ့ ရှင်းလင်းဖျက်ထုတ်မှုကို ပိတ်ဆို့လိုက်တာကနေ အခုလိုဖြစ်သွားတာပါ။ လူစားလည်း ချက်ချင်းလဲလိုက်ရပါတယ်လို့ ပိုချက်တီနိုက ပြောပါတယ်။

ဟယ်ရီကိန်းဟာ ဇန်နဝါရီလအတွင်းက အိမ်ကွင်းမှာ စပါးအသင်းက မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်မှာလည်း အခုဒဏ်ရာရရှိခဲ့တေဲ့ ခြထောက်ဒဏ်ရာရရှိခဲ့လို့ နှစ်လနီးပါး အနားယူခဲ့ရပါသေးတယ်။ ဒါ့အပြင် ၂၀၁၆-၂၀၁၇ ဘောလုံးရာသီအတွင်းကလည်း ညာခြေထောက်ဒဏ်ရာရရှိခဲ့လို့ သီတင်းပတ်ခြောက်ပတ်နဲ့ သီတင်းပတ်လေးပတ် အသီးသီးအနားယူခဲ့ရပါသေးတယ်။

တိုက်စစ်မှူးဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပေမယ့် ဇွန်လအတွင်းမှာ နယ်သာလန်အသင်းနဲ့ အင်္ဂလန်အသင်း ယှဉ်ပြိုင်ကစားမယ့်နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပါဝင်လာဖို့ မသေချာသေးကြောင်း သိရပါတယ်။

ငွေကြယ်