စပါးခွံဖွဲပြာကို အကျိုရှိစွာ အသုံးချမည့် ဇီဝမြေဩဇာထုတ်လုပ်ခြင်းဆောင်ရွက်

နေပြည်တော်၊  ၁၈   ဒီဇင်ဘာ

 

စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၏ လမ်းညွှန်မှုဖြင့် စပါးဇီဝဥယျာဉ်ဌာနစုတွင် စပါးခွံဖွဲပြာကို အကျိုးရှိစွာအသုံးချမည့် ဇီဝမြေသြဇာ ထုတ်လုပ်နိုင်ရန် အတွက် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ သုတေသနကို စပါးပင်၏ ဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်သော စပါးခွံမှရရှိသည့် စပါးခွံဖွဲပြာကို ပွါးစာအဖြစ် အသုံးပြုပြီး ဇီဝမြေဩဇာထုတ်လုပ်ရန်အတွက် သုတေသနပညာရှင် ဒေါက်တာ သီသီအောင်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ယင်းသုတေသနတွင် သီးနှံပင်အလိုက် အကျိုးပြု ဘတ်တီးရီးယားများ ရှာဖွေဖော်ထုတ်ခြင်းနှင့် ပွါးစာအမျိုးမျိုး၏ ဇီဝမြေဩဇာတွင် ပါဝင်သည့် အကျိုးပြုဘတ်တီးရီးယားများ၏ အသက်ရှင်နိုင်မှုအပေါ် လွှမ်းမိုးမှုစမ်းသပ်ခြင်းများကို တစ်ပြိုင်တည်း သုတေသနပြု ဆောင်ရွက်နေခြင်းဖြစ်သည်။

 

အကျိုးပြု ဘတ်တီးရီးယားများ ရှာဖွေဖော်ထုတ်ခြင်း စမ်းသပ်မှုတွင် ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲပုပ်၊ ပဲလွမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲပိစပ်၊ ပဲကြီးနှင့် ထောပတ်ပဲစသော ပဲမျိုးစုံ သီးနှံများအပါအဝင် စပါး၊ ပြောင်း၊ နေကြာ၊ နှမ်း၊ ခရမ်းချဉ်နှင့် ငရုတ်သီးနှံများအတွက် ဇီဝမြေဩဇာထုတ်လုပ်ရာတွင် ထည့်သွင်း အသုံးပြုနိုင်မည့် အကျိုးပြုဘတ်တီးရီးယားများ ရှာဖွေဖော်ထုတ်ခြင်းကိုဓာတ်ခွဲခန်းရှိ အအေးပေး အလင်းစင်နှင့် ဓာတ်ခွဲခန်းပြင်ပ မှန်ခြံအခြေအနေများတွင် အဆင့်ဆင့် နှိုင်းယှဉ်ရွေးချယ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ပွါးစာအမျိုးမျိုး၏ ဇီဝမြေဩဇာတွင်ပါဝင်သည့် အကျိုးပြုဘတ်တီးရီးယားများ၏ အသက်ရှင်နိုင်မှုအပေါ် လွှမ်းမိုးမှုကို စမ်းသပ်ရာတွင် ခဲမြေကို စံအဖြစ်ထားရှိလျက် စပါးခွံဖွဲပြာ၊ တီကျစ်စာ မြေဆွေး ထုတ်လုပ်ရာမှ ရရှိသော တီကျစ်စာ (တီချေး) တို့ကို ပွါးစာအဖြစ် အသုံးပြုကာ မတူညီသော အခြေအနေ အမျိုးမျိုးတွင် သိုလှောင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အသုံးပြုရလွယ်ကူသော ဇီဝမြေဩဇာအရည် ထုတ်လုပ်နိုင်ရန်အတွက် ဆန်မှုန့်နှင့် ပီလောပီနံမှုန့် အခြေခံသော အရည်ပွားစာကိုလည်း သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇီဝမြေဩဇာထုတ်လုပ်ရာတွင် စပါးခွံဖွဲပြာကို ပွါးစာအဖြစ် အသုံးပြုခြင်းအားဖြင့် ဒေသတွင် အလွယ်တကူရရှိနိုင်ခြင်းနှင့် ပွါးစာအတွက် ကုန်ကျစရိတ်သက်သာခြင်းတို့အပြင် စပါးပင်၏ ဘေးထွက်ပစ္စည်းများ လေလွင့်ဆုံရှုံးမှုကို လျော့ချနိုင်သော အကျိုးကျေးဇူးများပါ ရရှိစေနိုင်မည် ဖြစ်သည်။ တောင်သူများအနေဖြင့်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဇီဝမြေဩဇာများကို အသုံးပြုခြင်းအားဖြင့် ကုန်ကျစရိတ် လျော့နည်းသက်သာပြီး ပတ်ဝန်းကျင်အတွက် ထိခိုက်မှုနည်းကာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မေမိုးသဲ