စပိန်နိုင်ငံက ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထိုးနှံဖို့ ငြင်းဆန်သူတွေအား မှတ်တမ်းတင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး ပြောကြား

၂၉ ဒီဇင်ဘာ

 

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ ငြင်းဆန်သူတွေအား မှတ်တမ်းတင်သွားမှာဖြစ်ပြီး အဲဒီစာရင်းကို ပြည်သူလူထုအား ထုတ်ပြန်ပေးသွားမှာ မဟုတ်ပေမယ့် ဉရောပသမဂ္ဂအား အသိပေးသွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက  မနေ့က(တနင်္လာနေ့)မှာ ပြောကြားပါတယ်။

 

 

ဒီဇင်ဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ဟာ လူတိုင်း မထိုးမဖြစ် အစီအစဉ်တော့ မဟုတ်ပေမယ့် ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူ အမည်စာရင်းကိုတော့ ဉရောပသမဂ္ဂအဖွဲ့ နိုင်ငံတွေအား မျှဝေပေးသွားမယ်လို့ ဝန်ကြီး ဆာဗာဒိုး အီလာက La Sexta ရုပ်မြင်သံကြား အင်တာဗျူးမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

 

 

ပုဂ္ဂလိက သတင်းအချက်အလက် လုံခြုံရေးအရ ကာကွယ်ဆေး ငြင်းဆန်သူစာရင်းကို ပြည်သူလူထု အား ထုတ်ပြန်ခြင်းမပြုလုပ်သလို၊ အလုပ်ရှင်တွေကိုလည်း ပို့ပေးသွားမှာ မဟုတ်ကြောင်း ဝန်ကြီးက ထည့်သွင်း ပြောကြားပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး မထိုးချင်ကြောင်း ပြောဆိုထားတဲ့  စပိန်နိုင်ငံသား အရေအတွက်ဟာ နိုဝင်ဘာလမှာ  ၄၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဒီဇင်ဘာလမှာတော့ ၂၈ ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

 

 

စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးကူးစက်ခံရသူဟာ ၁ ဒသမ ၉ သန်း ဝန်းကျင်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

လူဦးရေ ၄၇ သန်းနေထိုင်တဲ့ စပိန်နိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇွန်လတွင် ၁၅ သန်းကနေ သန်း ၂၀ ထိ  ကာကွယ်ဆေးထိုးနှံပေးရန် လျာထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP