ဖေဖော်ဝါရီ ၁၁
စပိန်ကိုပါဒယ်ရေးဆီမီးဖိုင်နယ်မှ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဗယ်လက်ကာနိုအသင်းနှင့် ရီးရဲဘက်တစ် အသင်းတို့၏ ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘက်တစ် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်လှမ်းနိုင်ရန် အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်ခဲ့သည်။
ဗယ်လက်ကာနိုအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့် နောက်ဆုံးလေးပွဲတွင် ရှုံးပွဲသုံးပွဲအထိ ရှိလာပြီဖြစ်ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ရန်အတွက် ဒုတိယအကျော့တွင် ဘက်တစ်အသင်းကို ရလဒ်ကောင်းရရှိရေး ကြိုးစားရတော့မည် ဖြစ်သည်။
ဗယ်လက်ကာနိုအသင်းသည် ကွာတားဖိုင်နယ်တွင် မာလော့ကာအသင်းကို အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်ပြီး ဘက်တစ်အသင်းက ဆိုစီဒက်စ်အသင်းကို ဂိုးပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့သည်။ ယခုပွဲစဉ်တွင် ဗယ်လက်ကာနို အသင်းရော ဘက်တစ်အသင်းပါ ကစားသမားအစုံအလင် ပွဲထွက်လာခဲ့သည့်အတွက် ပွဲချိန်တစ်လျှောက် ဂိုးကန်သွင်းမှုများ၊ ထိုးဖောက်မှုများဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
ဦးဆောင်ဂိုးကို ဗယ်လက်ကာနိုအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန်ငါးမိနစ်တွင် ဂါစီယာက သွင်းယူရရှိခဲ့သည်။ ဘက်တစ်အသင်းအတွက် သွင်းဂိုးများကို အစ်လက်ဆီးယပ်စ်နှင့် ကာဗယ်ဟိုတို့က ပွဲချိန် ၂၆ မိနစ်နှင့် ၆၈ မိနစ်တို့တွင် သွင်းယူရရှိခဲ့သည်။ ဗယ်လက်ကာနိုအသင်းနှင့် ဘက်တစ် အသင်းတို့၏ စပိန်ကိုပါဒယ်ရေးဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မတ်လအစောပိုင်းတွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
အောင်ဇော်