တံတားဦး  ၂  ဇူလိုင်

 

တောင်သူများ စပါးအထွက်နှုန်းကောင်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးအထွက်နှုန်း ကောင်းရရှိရန် SRI စိုက်ပျိုးနည်းဖြင့် စမ်းသပ်စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့နယ် ငါးဇင်ရိုင်းကျေးရွာ ကွင်းအမှတ် (၁၃၄၉ )ကွင်း တောင်သူ ဦးအောင်ဌေး၏ (၅)ဧကရှိ လယ်ကွက်၌ ဧရာမင်းစပါးမျိုးဖြင့် စမ်းသပ်စိုက်ပျိုးကြသည် ။

 

အဆိုပါ စိုက်နည်းမှာ လယ်ကွက်ကို မြေပြုပြင်ပြီး ၂ ပေနှင့် ၁ ပေအကွက်များ ပြုလုပ်ရပါကြောင်း စပါးတစ်ဧက စိုက်ပျိုးရန်အတွက် နို့ဆီဘူး(၁၀)ဘူးသာပျိုးထောင်ရပြီး တောင်သူများအတွက် မျိုးစေ့ ကုန်ကျမှု သက်သာပါကြောင်း စပါးပျိုးသက်(၈ ရက် မှ ၁၂)ရက်တွင်း ရွေ့ပြောင်းစိုက်ပျိုးရပါကြောင်း စိုက်ပျိုးရာတွင် ပင်ခြား တန်းကြား(၁၀)လက်မပတ်လည်တွင် ပျိုးပင်တစ်ပင်ချင်းစနစ်ဖြင့် မေလုံးမပျက် စိုက်ပျိုးရပါကြောင်း  (၁၂)တန်းလျှင်(၁၅)လက်မခြား တစ်တန်းလှပ်စိုက်ပျိုးရပါကြောင်း ထိုသို့စိုက်ပျိုး ခြင်းဖြင့် သမန်းမြေကို ညီညာစေပြီး ရေသွင်းရေထုတ်ကောင်းမွန်အောင်ဆောင်ရွက်ရပါကြောင်း ရွေ့ပြောင်းစိုက်ပျိုးပြီး (၁၀ ရက်သားမှ ၃၀)ရက်သားတွင် ပေါင်းလိုက်သမန်းနှိုးခြင်းများ ဆောင်ရွက် ရပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဦးကျော်ကျော်ညွန့် ကပြောကြား၍ သိရသည် ။

 

SRI စိုက်ပျိုးနည်းသည် မျိုးစေ့လိုအပ်ချက်နည်းခြင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးလျော့ချခြင်း ပင်ပွားနှုန်းများပြားခြင်း မူလမျိုးစေ့အနည်းငယ်မှ မျိုးစေ့အရေအတွက် များပြားစွာရရှိခြင်း ကိုယ်ပိုင်မျိုးစေ့ ထုတ်ယူခြင်း စပါးခွံ ဖွဲကြမ်းပါဝင်မှု ရာခိုင်နှုန်းနည်းပြီး စပါးအကျိုးအကြေ နည်းခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည် ။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)