COVID-19 ကြောင့် လတ်တလော ကြုံတွေ့နေရသော ငွေကြေးလဲလှယ်နှုန်း ကျဆင်းနေခြင်းနှင့် အတိုးနှုန်းထား မြင့်တက်နေခြင်းတို့ကို ဗဟိုဘဏ်အနေဖြင့် ဝင်ရောက်ထိန်းကျောင်းပေးရန် လုပ်ငန်းရှင်များက တောင်းဆို

၆  မတ်

 

COVID-19 ကြောင့် လတ်တလော ကြုံတွေ့နေရသော ငွေကြေးလဲလှယ်နှုန်း ကျဆင်းနေခြင်းနှင့် အတိုးနှုန်းထား မြင့်တက်နေခြင်းတို့ကို ဗဟိုဘဏ်အနေဖြင့် ဝင်ရောက်ထိန်းကျောင်းပေးရန် လုပ်ငန်းရှင်များက တောင်းဆိုနေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောသည်။

 

COVID-19 ဂယက်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ရိုက်ခတ်မှုရှိပြီး လက်ရှိ ခရီးသွားကဏ္ဍနှင့် တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

 

"လက်ရှိ ကျွန်တော်တို့ရဲ့ အခင်းအကျင်းမှာ ရင်ဆိုင်ရတော့မယ့် စီးပွားရေးလုပ်ငန်းတွေရဲ့ အခက်အခဲကိုလည်း အကောင်းဆုံးဖြစ်အောင် ဝင်ရောက်ထိန်းသိမ်းပေးဖို့အတွက် ဗဟိုဘဏ်အနေနဲ့လည်း အတိုးနှုန်းထားတွေကအစ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး အကောင်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်မလဲ၊ နောက်ပြီးတော့ ဒီငွေကြေးလဲလှယ်မှု  နှုန်းထားတွေကို ဒီလောက်ကြီး လျင်လျင်မြန်မြန် ကွာဟသွားတဲ့ကိစ္စကိုလည်း ဘယ်လိုဝင်ရောက်ပြီးတော့ ထိန်းကျောင်းပေးမလဲဆိုတဲ့ ဟာတွေကိုလည်း ကျွန်တော်တို့ ဒါတွေကို ဆောင်ရွက်ပေးဖို့အတွက်ဆိုပြီး ဒီဘက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ အထူးသဖြင့်တော့ Exporter တွေရဲ့ လယ်ယာထွက်ကုန်တွေကို စိုက်ပျိုးထုတ်လုပ်တဲ့ အများစုကနေ ဒီရက်ပိုင်းမှာ လာရောက်တောင်းဆိုနေတာ ရှိပါတယ်"ဟု ဦးအေးဝင်းက ပြောသည်။

 

သို့ဖြစ်၍ COVID-19 ဂယက်ကြောင့် လတ်တလော ကြုံတွေ့နေရသော အခက်အခဲ၊ ပြဿနာများကို ရင်ဆိုင်ကျော်လွှားရန် ဗဟိုဘဏ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခင်းအကျင်းနှင့်အညီ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငွေကြေးနယ်ပယ် တစ်ခုလုံးကို တည်ငြိမ်အောင်ထိန်းသိမ်းပေးရန်အတွက် တာဝန်ရှိသကဲ့သို့ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

 

လက်ရှိ ငွေကြေးလဲလှယ်နှုန်းမှာ ၂၀၁၉ နှစ်ကုန် ဒီဇင်ဘာ ၂၅ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၁၅၀ဝ ကျပ်အောက်သို့ ကျဆင်းခဲ့ပြီး လတ်တလောဖြစ်ပေါ်နေသော COVID-19 ဂယက်ကြောင့် ဆက်လက်ကျဆင်းလာရာ မတ် ၆ ရက်တွင် တစ်ဒေါ်လာလျှင် ငွေကျပ် ၁၃၀ဝ ကျော်ထိ ကျဆင်းခဲ့သည်။

 

ထို့ပြင် မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာလည်း အနိမ့်ဆုံး ၁၃ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁၆ ရာခိုင်နှုန်းအထိ ရှိသည်။

 

သို့ဖြစ်၍ ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များ တောင်းဆိုသည့် အချက်များကို စုစည်းကာ နိုင်ငံတော်အစိုးရထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

မတ်လ ၅ ရက်ကလည်း ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပသည့် COVID-19 ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ၊ နောက်ဆက်တွဲကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ ကုန်သည်ကြီးများအသင်း၊ စီးပွားရေး အသင်းများ အပါအဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတွင် COVID-19 ကြောင့် လတ်တလော ကြုံတွေ့နေရသော အခက်အခဲ၊ ပြဿနာများကို ရင်ဆိုင်ကျော်လွှားရန် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးဦးသုံးဖလှယ် မကြာခဏ တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန် သဘောတူညီခဲ့သည်။

 

ထို့ပြင် အလုပ်ရှင်များဘက်မှလည်း အလုပ်သမားများအား  အကာအကွယ်ပေးရမည့်ဆိုသည့် တာဝန်ရှိမှု ကိုသိရှိပြီး ၎င်းတို့ တာဝန်ယူဆောင်ရွက်ရာတွင် အစိုးရနှင့်အလုပ်သမားသမဂ္ဂများမှ ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ မြန်မာစီးပွားရေး လုပ်ငန်းရှင်များမှာ COVID-19 ၏ ဂယက်ရိုက်မှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်း၊ ဤအကြပ်အတည်း ကာလတွင် ယခုကဲ့သို့ လူမှုစီးပွားရေးဒုက္ခများကို ကျော်လွှားရန် ကြိုတင်ပြင်ဆင်မှု အခြေအနေများကို သုံးပွင့်ဆိုင်ပြီး ညီညီညွတ်ညွတ်ဖြင့် အတူအကွ ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

 

လက်ရှိ COVID-19 ကြောင့် အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းရရှိမှုအပိုင်းတွင် ဧပြီလကုန် အထိကို စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း၊ အဆိုပါ COVID-19 ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ရာတွင် တိုးတက်ပြောင်းလဲမှုမရှိပါက လာမည့် မေ၊ ဇွန်၊ ဇူလိုင်တို့တွင် ဆက်လက် အကျိုးသက်ရောက်လာနိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

 

COVID-19 ဂယက်ကြောင့် လတ်တလော ကြုံတွေ့နေရသော အခက်အခဲ၊ ပြဿနာများသည် အမျိုးသားရေးအဆင့် ဖြစ်သည့်အတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ထိခိုက်မှု အနည်းဆုံး ဖြစ်ရန်လိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။

 

ငြိမ်းငြိမ်း