COVID-19 ကြောင့် ကုန်ကြမ်းပြတ်လပ်၍ ပိတ်သိမ်းမည်ဆိုသည့်စက်ရုံများ မှန်ကန်မှု ရှိ၊ မရှိ ဆန်းစစ်ရန်လို

၆  မတ်

 

COVID-19 ကြောင့် ကုန်ကြမ်းပြတ်လပ်၍ ပိတ်သိမ်းမည်ဆိုသည့် စက်ရုံများ မှန်ကန်မှု ရှိ၊ မရှိ ဆန်းစစ်ရန်လိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။

 

လက်ရှိတွင် စက်ရုံပိတ်သိမ်းရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ တင်ပြထားသည့် စက်ရုံ ၁၃ ရုံ ရှိသော်လည်း စက်ရုံ တစ်ရုံသာ ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီထံ ပိတ်သိမ်းရန် အကြောင်းကြားထားကြောင်း သိရသည်။

 

“စက်ရုံပိတ်သိမ်းရခြင်းသည် ကုန်ကြမ်းမရတာကြောင့်လို့ လူတိုင်းက ပြောနေပေမယ့် တကယ် အပြီးအပိုင် ပိတ်သိမ်းသွားတဲ့ သူတို့ရဲ့လိုင်စင်ကိုပါထုတ်ဖို့ ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီထံကို ပေးတာ စက်ရုံတစ်ရုံထဲ ရှိပါသေးတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က ပိတ်တယ် ဆိုရင်တောင်မှ ပိတ်ပြီးပြောင်းတာလား၊ ပြောင်းပြီးတော့ တစ်နေရာမှာ နာမည်အသစ်နဲ့ ဖွင့်တာလား ဆိုတာ အများကြီးရှိတယ်၊ အချက်အလက်ကို အားလုံးက ပြီးပြည့်စုံအောင် ယူဖို့လိုတယ်၊ ဒါမှန်ကန်လား မမှန်ကန်ဘူးလားဆိုတာ စစ်ဖို့လိုတယ်။ ကျွန်တော်တို့ အရေးကြီးဆုံးကိစ္စက တကယ်ပဲ ဒီဗိုင်းရပ်နဲ့ ပတ်သက်တာလား ဆိုတဲ့ကိစ္စကို ဆန်းစစ်ဖို့လိုတယ်။ နောက်တစ်ခါ တကယ်ပဲ ဒီစက်ရုံက ပိတ်သိမ်းသွားတာလား ဆိုတဲ့ကိစ္စကို ဆန်းစစ်ဖို့လိုတယ်” ဟု ဦးမောင်မောင်က ပြောသည်။

 

ထို့ပြင် ကုန်ကြမ်းပြတ်လပ်၍ ပိတ်သိမ်းမည့် စက်ရုံများအနေဖြင့်လည်း ပွင့်လင်းမြင်သာစွာ ချပြပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိရန်လိုကြောင်း ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဆိုသည်။

 

“ကုန်ကြမ်း မရှိလို့ဆိုပြီး အကြောင်းပြပြီးတော့ ရောကြိတ်သွားတဲ့ဟာမျိုး ဒါမျိုးကတော့ အသင်းချုပ်ဘက်က လက်သင့်ခံမှာ မဟုတ်ဘူး”ဟု ဦးအေးဝင်းက ပြောသည်။

 

လက်ရှိတွင် COVID-19 ကြောင့် ကုန်ကြမ်းပြတ်လပ်၍ စက်ရုံအချို့ ပိတ်သိမ်းသဖြင့် သီတင်းနှစ်ပတ် အတွင်း အလုပ်သမား ၅,ဝ၀ဝ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ထံမှ သိရသည်။

 

လတ်တလော အထည်ချုပ် စက်ရုံများအနေဖြင့်လည်း မတ်လအတွင်း ကုန်ကြမ်းများ ပြတ်တောက်နိုင်သောကြောင့် စက်ရုံလည်ပတ်မှုကို ဆွဲဆန့်နိုင်ရန် အလုပ်ချိန် လျှော့ချခြင်း၊ အချိန်ပိုစေခိုင်းမှုများကို ရပ်ဆိုင်းခြင်းများ လုပ်ဆောင်နေပြီး မဆင်မပြေပါက စက်ရုံများ ယာယီရပ်ဆိုင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

 

“ကုန်ကြမ်းပြတ်သွားရင် အလုပ်လုံးဝ ပြတ်သွားမှာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်များက အလုပ်ချိန်ကို စလျှော့နေကြခြင်းဖြစ်ပါတယ်၊ အလုပ်ချိန်လျှော့တဲ့အတွက် တစ်နေ့ကို ၁၀ နာရီမှာ အချိန်ပို ၂ နာရီ လုပ်တဲ့ လုပ်ငန်းက ၈ နာရီဘဲ လုပ်ရပါတော့တယ်၊ စနေနေ့ကို တစ်နေ့လုံး လုပ်တဲ့လုပ်ငန်းက နေ့တစ်ဝက် လုပ်ချင်လုပ်တယ်၊ တစ်နေကုန်လုံး ပိတ်ရင်လည်း ပိတ်ပေးလိုက်ပါတယ်၊ Public Holiday မှာ အမြဲတမ်း အချိန်ပိုခေါ်နေတဲ့ လုပ်ငန်းမျိုးဟာ အခုအချိန်မှာ Public Holiday အချိန်ပို မခေါ်တော့ပါဘူး။ သဘောကတော့ အလုပ်တွေ မရပ်သွားဘဲနဲ့ ဒီလိုဆွဲဆန့်ခြင်းအားဖြင့် မတ်လဆန်းမှာ ကုန်ကြမ်းပြတ်သွားမယ့် စက်ရုံဟာ မတ်လကုန်အထိ ဆွဲဆန့်နိုင်ပါတယ်။ မတ်လကုန်မှာ ကုန်ကြမ်းပြတ်သွားမယ့် စက်ရုံဟာ ဧပြီလကုန်အထိ ဆွဲဆန့်နိုင်ပါတယ်။ အခု စက်ရုံတော်တော်များများက သင်္ကြန်မတိုင်ခင်နဲ့ ဧပြီအကုန်ထိကို ဆွဲဆန့်ဖို့ ကြိုးစားနေကြပါတယ်။ ဒီလိုကြိုးစားလို့ တော်တော်အဆင်မပြေတဲ့ စက်ရုံများကတော့ ယာယီပိတ်သိမ်းဖို့ စပြောနေကြပါပြီ”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

 

သို့ဖြစ်၍ စက်ရုံများ ပိတ်သိမ်းခြင်းမှာ ကုန်ကြမ်းအပေါ်တွင် မူတည်ပြီး ကုန်ကြမ်းပစ္စည်း ၈၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိ COVID-19 ကြောင့် အထည်ချုပ် လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းရရှိမှု အပိုင်းတွင် ဧပြီလကုန်အထိကို စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း၊ အဆိုပါ COVID-19 ကူးစက် ပြန့်ပွားခြင်းကို ထိန်းချုပ်ရာတွင် တိုးတက်ပြောင်းလဲမှု မရှိပါကလာမည့် မေ၊ ဇွန်၊ ဇူလိုင်တို့တွင် ဆက်လက် အကျိုးသက်ရောက်လာနိုင်၍ ကြိုတင်ပြင်ဆင်ရန်လိုကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ဆက်ပြောသည်။

 

ငြိမ်းငြိမ်း