COVID-19 ကာလအတွင်း မိုးစပါးစိုက်စရိတ် တစ်ဧက ကျပ်နှစ်သိန်းအထိ တိုး​မြှင့်ပေးရန်အပါအဝင် အချက် ၁၈ ချက်ကို အစိုးရထံ အကြံပြုတင်ပြ

ရန်ကုန် ၂၈ ဧပြီ

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် COVID-19 ကာလအတွင်း မိုးစပါးစိုက်စရိတ် တစ်ဧက ကျပ်နှစ်သိန်းအထိ တိုး​မြှင့်ပေးရန်အပါအဝင် အချက် ၁၈ ချက်ကို အစိုးရထံ ဧပြီ ၂၇ ရက်က အကြံပြုတင်ပြခဲ့သည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အစိုးရထံ အကြံပြုချက်များအနက် စိုက်ပျိုးစရိတ်ချေးငွေကို ၁၀ ဧကအထက်မှ ဧက ၁၀၀ အထိပိုင်သော လယ်သမားအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေကို စီစဉ်ခွင့်ပြုပေးရန် ပါဝင်သည်။

 

ထို့ပြင် မျိုးစေ့ထုတ် တောင်သူများနှင့် မျိုးစေ့သန့်စင်ထုတ်ပိုး ဖြန့်ဖြူးရောင်းချသည့် မျိုးထုတ်လုပ်ငန်းများအတွက် ချေးငွေစီစဉ်ပေးရန်လည်း ပါဝင်သည်။

 

ဆန်စပါးစိုက်ပျိုးသော ဒေသများတွင်လည်း ခရိုင်အဆင့် စိုက်ပျိုးရေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး အဆိုပါအဖွဲ့မှ ဆန်စပါးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချရေး လုပ်ငန်းများကို စနစ်တကျ စီစဥ်ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးနည်းပညာ သွင်းအားစု စက်ကိရိယာ ဝန်ဆောင်မှု စျေးကွက်နှင့် ချိတ်ဆက်မှုတို့ အဆင်ပြေလွယ်ကူစေရေး ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် တောင်သူများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးရန်တို့ကို အကြံပြုတင်ပြထားသည်။

 

ထို့ပြင် ကျေးရွာအဆင့်တွင် အသေးစားသိုလှောင်ရုံများနှင့် အခြောက်ခံစက်များ တည်ဆောက်ရင်းနှီးမြှုပ်နှံလိုသော တောင်သူလယ်သမား အစုအဖွဲ့များနှင့် သမဝါယမအဖွဲ့များကို သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ စီစဉ်ပေးရန် အကြံပြုတင်ပြထားသည်။

 

ဆန်စက်လုပ်ငန်းရှင်များ၏ တည်ဆဲဆန်စက်ရုံဝင်းအတွင်း ထပ်မံတိုးချဲ့တည်ဆောက်မည့် သိုလှောင်ရုံ၊ အဆင့်မြှင့်တင်မည့် စက်ယူနစ်များနှင့် အခြောက်ခံစက်များ တိုးချဲ့တပ်ဆင်မှုအတွက် သက်သာသော အတိုးနှုန်းဖြင့် ကာလလတ် သို့မဟုတ် ကာလရှည် ချေးငွေများ စီစဉ်ပေးရန် ဖြစ်သည်။

 

ထို့ပြင် ဆန်စပါးနှင့် လယ်ယာသားငါး ထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်သည့် စားနပ်ရိက္ခာ တန်ဖိုးမြှင့်ထုတ်လုပ်မှုများ၊ စပါးခွံမှ လျှပ်စစ်ထုတ်လုပ်မှု၊ ဖွဲနုဆီထုတ်လုပ်မှု၊ အအေးခန်း သိုလှောင်ရုံများနှင့် အကြီးစား ခေတ်မီသိုလှောင်ရုံများ တည်ဆောက်ရင်းနှီးမြှုပ်နှံမှု၊ ဓာတ်မြေသြဇာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းများနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့အား ပြည်ပနိုင်ငံများမှ သက်သာသောအတိုးဖြင့် ချေးငွေရရှိရေး၊ နိုင်ငံတော်အစိုးရအနေဖြင့် ချေးငွေဆိုင်ရာ အာမခံထုတ်ပေးကာ နိုင်ငံတကာ ချေးငွေရရှိရေး စီစဉ်ပေးရန် အကြံပြုတင်ပြချက်ထဲတွင် ပါဝင်သည်။

 

လျှပ်စစ်ဓာတ်အားခ နှုန်းထားများကိုလည်း COVID-19 ဖြစ်ပေါ်နေချိန်ကာလတွင် ကောက်ခံနှုန်းများအား လျှော့ပေါ့ကောက်ခံပေးရန်လည်း အကြံပြုတင်ပြထားသည်။

 

ငြိမ်းငြိမ်း