COVID-19 Fund မှ သုံးလအတွင်း လုပ်ငန်း ၁၀၀၀ ကျော်အတွက် ကျပ် ၃၇ ဘီလီယံကျော် ထုတ်ချေးထား

၃ ဇွန်

 

COVID-19 Fund မှ ဧပြီ ၉ ရက်ကစ၍ ဇွန် ၂ ရက်အထိ သုံးလအတွင်း လုပ်ငန်း ၁၀၁၆ ခုအတွက် ကျပ် ၃၇ ဒသမ ၅၅၀၉ ဘီလီယံ ထုတ်ချေးထားကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

 

အဆိုပါ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအနေဖြင့် COVID 19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရ​သော လုပ်ငန်းကဏ္ဍများဖြစ်သည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေ COVID-19 Fund အဖြစ် ထူထောင်ထားပြီး အဆိုပါ COVID-19 Fund ထဲမှ လုပ်ငန်းများကို ထုတ်ချေးပေးလျက်ရှိသည်။

 

ထိုသို့ ထုတ်ချေးရာတွင် ပထမအသုတ်တွင် လုပ်ငန်းပေါင်း ၈၅ ခုအတွက် ကျပ် ၅ ဒသမ ၆၉၆၈ ဘီလီယံ၊ ဒုတိယအသုတ်တွင် လုပ်ငန်းပေါင်း ၁၁၃ ခုအတွက် ကျပ် ၄ ဒသမ ၄၉၅ ဘီလီယံ၊ တတိယအသုတ်တွင် လုပ်ငန်းပေါင်း ၁၁၁ ခုအတွက် ကျပ် ၃ ဒသမ ၅၄၆၆ ဘီလီယံ၊ စတုတ္ထအသုတ်တွင် လုပ်ငန်းပေါင်း ၄၁၇ ခုအတွက် ကျပ် ၁၅ ဒသမ ၀၇၉ ဘီလီယံနှင့် ပဉ္စမအသုတ်တွင် လုပ်ငန်းပေါင်း ၂၉၀ ခုအတွက် ကျပ် ၈ ဒသမ ၇၃၃၅ ဘီလီယံ ရှိပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ချေးငွေထုတ်ယူခွင့်ရရှိသူများကိုလည်း ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

 

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို မတ် ၁၃ ရက်က ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ ကျဆင်းနေသည့်အပေါ် အရေးပေါ်စီမံဆောင်ရွက်မည့် နည်းလမ်းများ၊ ကာလတို ကယလရှည် ဆောင်ရွက်မည့် နည်းလမ်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ စက်ရုံများရပ်ဆိုင်း၍ လုပ်သားများ အလုပ်လက်မဲ့ဖြစ်စဥ်ကာလအတွင်း အခြားအလုပ်အကိုင်အသစ်များ ဖော်ဆောင်ပေးခြင်း၊ လုပ်သားများအတွက် အကျိုးရှိမည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာများသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်၊ COVID 19 ကဲ့သို့ ဖြစ်စဥ်များမှ အနာဂတ်တွင်လည်း ထပ်မံပေါ်ပေါက်လာနိုင်ရာ CMP လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပစ္စည်းများ ရရှိရေးကို တရုတ်နိုင်ငံတစ်ခုတည်းကိုသာ အမှီပြုနေရခြင်းအစား အခြားနိုင်ငံများမှ ကုန်ကြမ်းပစ္စည်းများ ဖြန့်ခွဲရယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်တို့ ဖြစ်သည်။

 

ထို့ပြင် ကာလရှည်မျှော်မှန်းမှုအနေဖြင့် မိမိနိုင်ငံအတွင်း Weaving ၊ Knitting ၊ Dying and Sewing Industry များ ထူထောင်၍ Supply Chain တစ်ခုလုံး မိမိနိုင်ငံတွင် ထုတ်လုပ်နိုင်ရေး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြည်တွင်း အသေးစား အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် COVID 19 ဖြစ်စဥ် သက်ရောက်မှု ကြီးမားလာပါက အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်နှင့် လိုအပ်ပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်တို့ ဖြစ်သည်။

 

ငြိမ်းငြိမ်း