COVID-19 ဒုတိယလှိုင်း

(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁၅) ရက်

ယခုအချိန်ကာလ၌ ပြည်သူများနှင့် COVID-19 ကို ကာကွယ်ထိန်းချုပ်နေသူများအားလုံးသည် COVID-19 ကူးစက်မှုဒုတိယလှိုင်း လာနိုင်သည်ဟူသောခံယူချက်ဖြင့် နေထိုင်သွားလာမှုမှစ၍ သတိနှင့် နေကြရမည် ဖြစ်ပါသည်။

 

မိမိတို့မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှု ပထမလှိုင်းကျရောက်ခဲ့မှုတွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေးငယ်သောလှိုင်းသာဖြစ်ခဲ့သည်မှာ အားလုံးဝိုင်းဝန်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

 

ကူးစက်ကပ်ရောဂါထိန်းချုပ်မှုနိယာမများနှင့် COVID-19 ဗိုင်းရပ်စ်ပိုး၏ ပြောင်းလဲလျက်ရှိသော ကူးစက်မှုပုံသဏ္ဍာန်ကို နောက်ခံထား၍ စဉ်းစားပါက ဒုတိယလှိုင်းသည်ကြီးနိုင်ပြီး တိုင်းပြည်၏ဖွံ့ဖြိုး တိုးတက်မှုကို ရိုက်ခတ်နိုင်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားလာခဲ့သော် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) ကို ဩဂုတ်လ (၁၃) ရက်နေ့တွင် ဗဟိုအဆင့်၌ပြုလုပ်ခဲ့ပါသည်။ အလားတူ စားပွဲဝိုင်းလေ့ကျင့်ခန်းများကို တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ဆေးရုံများတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

 

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို သေချာစွာ စနစ်တကျလိုက်နာကြပါရန်နှင့် မပေါ့လျော့ကြပါရန် ထပ်မံပန်ကြားအပ်ပါသည်။
 

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

#Ministry_of_Health_and_Sports