Covid-19 စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဝါးအခြေခံ လက်တွေ့ လက်မှုပညာသင်တန်းဆင်းပွဲ ကျင်းပ

ချောင်းဦး ၂၇ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် SMU ဘူတာကျေးရွာတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍမှ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်း၍ Covid-19 စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဝါးအခြေခံ လက်တွေ့ လက်မှုပညာသင်တန်းဆင်းပွဲကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီက SMU ဘက်စုံသုံး ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါနိုင်က အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးလင်းဖြိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

သင်တန်းတွင် တိုင်ကပ်နာရီ၊ ဓာတ်ပုံဘောင်၊ ဝါးရေခွက်၊ ဘောပင်ထည့် box နှင့် ဖုန်းတင်ခုံပစ္စည်းများ သင်ကြားပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလ (၁၁)ရက် ကြာမြင့်ခဲ့သည်။ သင်တန်းမှ ပို့ချသင်ကြားပေးလိုက်သည့် ဝါးအခြေခံ လက်တွေ့လက်မှုပညာများကို အသုံးချပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ကိုင်နိုင်တော့မှာဖြစ်ကြောင်း သင်တန်းသူတစ်ဦးက ပြောပြခဲ့သည်။ ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။           

 

သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါနိုင် (လက်ထောက်အင်ဂျင်နီယာ) ဦးလင်းဖြိုးအောင်၊ (စက်မှုကျွမ်းကျင်-၃) ဦးကျော်ခိုင်ဝင်း၊ ဘူတာကျေးရွာသစ် လှုပ်ရှားမှုကော်မတီ (SMUC) ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် သင်တန်းသား/သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)