Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်း 

ရန်ကုန်  ၈  ဧပြီ

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုကဲ့သို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက တစ်ဦးချင်း သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း၊ ကုမ္ပဏီအလိုက်သော်လည်းကောင်း အလှူငွေများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ လှူဒါန်းမှုများသည် ကျန်းမာရေးဝန်ထမ်းများအတွက် များစွာအထောက်အကူပြု ပါကြောင်း၊ အလှူရှင်များလှူဒါန်းသည့် လှူဒါန်းငွေနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြုကာ အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်တင်မှုများလည်း ပြုလုပ်သွားမည်ဖြစ်သဖြင့် ကိုဗစ်-၁၉ လူနာများအတွက်သာမက နောင်ကာလများတွင် အထူးကြပ်မတ်ကုသဆောင်များ၌ ထားရှိကုသရမည့် အခြားလူနာများအတွက်လည်း များစွာ အကျိုးပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အလှူရှင်များကိုယ်စား မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌက ငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း(quarantine) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာထိုင်ခင်း၊ အဆောက်အဦပံ့ပိုးရခြင်း အကြောင်းအရင်းများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်သည်။ 

 

အဆိုပါ လှူဒါန်းပွဲ၌ ရာဇဌာနီ (အကျိုးတူ) ကျောက်မျက်ကုမ္ပဏီက ငွေကျပ်သိန်း(၅၀၀)၊ နန်းထိုက်ပြည့်ပိုင် ကျောက်မျက်ကုမ္ပဏီက ငွေကျပ်သိန်း(၅၀၀)၊ ဧရာရတနာကျောက်မျက်ကုမ္ပဏီက ငွေကျပ်သိန်း(၅၀၀)၊ ထွန်းတောက်ဇမ္ဗူ ကျောက်မျက်ကုမ္ပဏီက ငွေကျပ်သိန်း(၅၀၀)၊ မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းက ငွေကျပ် (၃၃၅)သိန်းနှင့် အငြိမ်းစား ဆရာ/ဆရာမကြီးများ ကျန်းမာရေး အထူးစောင့်ရှောက်မှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ကဘက- အထက (၆)၊ ဗိုလ်တထောင်) (စိန်ပေါလ်) ကျောင်းသားဟောင်းများ)က ငွေကျပ်သိန်း (၇၀) တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်