Coffee Forum အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ၂၃  မေ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကြီးမှူး ကျင်းပသည့် မြန်မာနိုင်ငံ Coffee Forum အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒေါက်တာ သန်းမြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စိုက်ပျိုးရေး ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေး ပညာရှင်များ၊ မြန်မာကော်ဖီ စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ ကမ္ဘာ့ကုန်စည် ဈေးကွက်တွင် ရေနံ ရောင်းဝယ်မှု ပြီးလျှင် ကော်ဖီသည် ဒုတိယအဆင့် အရေးပါဆုံးသော ကုန်စည်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ထွက်ရှိသည့် ပြည်ပ ပို့ကုန်များအနက် ဆန်စပါး၊ ပဲမျိုးစုံတို့သည် အဓိက နိုင်ငံခြားငွေ ရှာပေးသော သီးနှံ ဖြစ်သကဲ့သို့ ကော်ဖီ သီးနှံသည်လည်း တစ်ဖက်တစ်လမ်းမှ နိုင်ငံခြား ဝင်ငွေရရှိသည့် တန်ဖိ်ုးမြင့် သီးနှံတစ်မျိုး ဖြစ်ပါကြောင်း၊ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသမှ ထွက်ရှိသည့် မြန်မာ့အာရေးဗီးကား ကော်ဖီသည် ကမ္ဘာ့အဆင့်မီ (Special Coffee) အဆင့်တွင် ရရှိခဲ့ပြီး ယခုအခါ ကော်ဖီ ဈေးနှုန်းသည်လည်း သင့်တင့်သည့် ဈေးနှုန်းများ ရရှိလာသည့် အတွက် မြန်မာ့ကော်ဖီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာပြီး မြန်မာ့ ကော်ဖီစိုက် တောင်သူများ၊ လုပ်ငန်းရှင်များလည်း အကျိုးစီးပွား ဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း။

 

သို့သော်လည်း မြန်မာနိုင်ငံ၏ ကော်ဖီ ကဏ္ဍသည် ကော်ဖီ စိုက်ပျိုးသည့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက နည်းပညာ အားနည်းခြင်း၊ သတင်း အချက်အလက် ဖလှယ်မှု အားနည်းခြင်း၊ ကောဖီသီးနှံနှင့် ပတ်သက်ပြီး အတွေ့အကြုံများ အားနည်းနေခြင်းတို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျ နေသေးသည်ကို တွေ့ရှိရကြောင်း။

 

ယခုလို ကော်ဖီဖိုရမ် ကျင်းပ ပေးခြင်းအားဖြင့် အခက်အခဲများ၊ အတွေ့အကြုံများ၊ နည်းပညာများနှင့် ရလဒ်ကောင်းများ၊ အကြံဉာဏ်များကို အပြန်အလှန် ဖလှယ်၍ ကော်ဖီကဏ္ဍ တိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေမည့် အကျိုးကျေးဇူး ရရှိလာစေနိုင်မည် ဖြစ်ပါကြောင်း၊  ယခုအခါ ကမ္ဘာ့တဝန်း ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့် အတွက် ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေအရ ရေရှည် တည်တံ့ပြီး အကျိုးရှိစေသည့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်း အတွက် ဆောင်ရွက်သင့်သည်များကို ယခုကော်ဖီ ဖိုရမ်တွင် အားလုံးပါဝင်၍ ထည့်သွင်း ဆွေးနွေးစေလိုကြောင်း။      

  

မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေးရာတွင် နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်များ၊ ဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အနာဂတ်ကော်ဖီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ လက်ရှိ ကော်ဖီ ဈေးကွက် အခြေအနေများ၊ ကော်ဖီစိုက် တောင်သူများအတွက် ပံ့ပိုးပေးရန် လိုအပ်ချက်များကို ထည့်သွင်း ဆွေးနွေးကြပြီး စီးပွားရေး ပညာရှင်များကလည်း တန်ဖိုးမြင့်ထုတ်ကုန် အတွက် စီးပွားရေး ရှုထောင့် အမြင်များဖြင့် အကြံပြု ဆွေးနွေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ၂၀၁၈-၂၀၃၀ ကာလအတွင်း မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ဧက ၂၀ဝ၀ဝ၀ ပြည့်မီရန် ရည်မှန်းထားရှိပြီး လာမည့် ၂၀၃၀ ခုနှစ်တွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သောက်သုံးမှု အရည်အသွေးကောင်း ကော်ဖီစုစုပေါင်း တန်ချိန် ၆၀ဝ၀ဝ ခန့်ထုတ်လုပ်ရန် ရည်မှန်း ထားရှိပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် မြန်မာ့ ကော်ဖီအသင်း ကဲ့သို့ အစုအဖွဲ့များ ပေါ်ပေါက်လာပြီး မြန်မာ့ ကော်ဖီအား နိုင်ငံခြားသို့ပင် တင်ပို့ ရောင်းချပြီး ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်လျက် ရှိရာ မြန်မာ့ကော်ဖီ အလားအလာ ကောင်းမွန်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း ပြောကြားသည်။

 

စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က Coffee Forum ကျင်းပရခြင်း ရည်ရွယ်ချက်၊ Coffee နှင့်ကျန်းမာရေး၊ မြန်မာ့ကော်ဖီ တင်ပို့ရောင်းချမှု၊ စိုက်ပျိုးရာ အထူးဒေသများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု၊ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု၊ မြန်မာ့ကော်ဖီ ဈေးကွက် အလားအလာ၊ ကော်ဖီ သုတေသန ဆောင်ရွက် ထားရှိမှု၊ အခက်အခဲများ၊ အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများကို ရှင်းလင်း တင်ပြကြသည်။

 

အခမ်းအနားတွင် စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး၊ ကော်ဖီပညာရှင် ဦးဥက္ကာအောင်နှင့် ပြည်တွင်း ပြည်ပ ပညာရှင်များက မြန်မာ့ကော်ဖီ တန်ဖိုး ကွင်းဆက်ဖွံ့ဖြိုး တိုးတက်မှု- နိုင်ငံတကာ သင်ခန်းစာများ၊  ကော်ဖီစိုက်ပျိုးမှု၊ အရည်အသွေး၊ ဈေးကွက် ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဖတ်ကြား ရှင်းလင်း တင်ပြကြသည်။

 

မြန်မာ့ကော်ဖီဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ကော်ဖီစိုက် တောင်သူများ၏ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် ကော်ဖီ စိုက်နိုင်သော ဒေသများနှင့် ကော်ဖီ စိုက်ပျိုးနိုင်ရန် အခြေအနေ ပေးသော တောင်တန်း ဒေသများတွင် တောင်စောင်း စိုက်ပျိုး နည်းပညာဖြင့် ကော်ဖီစိုက် ဒေသများ တိုးချဲ့သွားရန်၊ ရိတ်သိမ်းချိန်လွန် နည်းပညာများကို လိုက်နာပြီး မြန်မာ့ကော်ဖီ အရည်အသွေး တိုးတက် ကောင်းမွန်လာ စေရန်၊ ပြည်တွင်းတွင် သောက်သုံးသည့် ကော်ဖီ အရည်အသွေး ကောင်းပြီး ဘေးအန္တရာယ် ကင်းရှင်းရန်နှင့် ပြည်တွင်းတွင် ဖူလုံရုံသာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက Coffee Forum ကို ကြီးမှူး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)