ပုသိမ် ၂၄ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၁ နယ်မြေ စဉ့်အိုးဖိုရပ် ကွက်မှထုတ်လုပ်သည့် စဉ့်ထည် ငရုတ်ဆုံများ ရောင်းကောင်းလျှက်ရှိကြောင်း ပုသိမ်မြို့ စဉ့်ထည်အမျိုးမျိုးနှင့် ထုတ်လုပ် ရောင်းဝယ်သည့် လုပ်ငန်းရှင်များ ထံမှသိရသည်။

 

10042

 

 စဉ့်အိုးဖိုရပ်ကွက်မှ စဉ့်အိုး၊ စဉ့်အင်တုံ၊ စဉ့်ညောင်ရေအိုး၊ စဉ့်ငရုတ်ဆုံတို့အပြင် မြေသောက်ရေအိုး၊  မြေ ပန်းအိုး အမျိုးမျိုးနှင့် အတာအိုး ကေလးကစားစရာ အရုပ် အိုးပုတ် ချိုးရုပ်  စသည့် မြေထည် စဉ့်ထည် ပစ္စည်းများကို ထုတ်လုပ်သော်လည်း စဉ့်ငရုတ်ဆုံ တစ်မျိုးတည်းသာ အရောင်းအသွက်ဆုံး ဖြစ်ကြောင်း၊ အခြားမြေအင်တုံတို့ လုပ်ကိုင်လျက်ရှိကြောင်း စဉ့်နှင့်မြေထည်လုပ်ငန်းရှင် ဒေါ်ချိုသဲကပြောသည်။

 

"စဉ့်အိုးလုပ်ငန်းကတော့ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ ။ စဉ့်အိုးသုံးမယ့် နေရာမှာ တခြားအစားထိုး ပစ္စည်းတွေ ဝင်ရောက်လာတယ်။ ပလတ်စတစ်ပုံးတွေ ပလတ်စတစ်ပီပါတွေပေါ။ ရွှေ့ပြောင်းရတာမှာ ပေါ့ပါးတယ် ။ ကွဲရမှာမစိုးရိမ်ရဘူး။ ရေလည်းပိုဆံ့တယ်။ ဒါကြောင့်သုံးတဲ့သူတွေက စဉ့်အိုးကို မသုံးကြတော့ဘူး။ စဉ့်အိုးပညာရှင်တွေလည်း မရှိသလောက်ရှားသွားပြီ။ စဉ့်ငရုတ်ဆုံကတော့ အစားထိုးမရှိဘူး သံ၊ ကျောက် ၊ငရုတ်ဆုံတွေရှိပေမယ့်  အသုံးနည်းကြလို့ စဉ့်ငရုတ်ဆုံ ရောင်းအား ကောင်းနေတာ" ဟု ၄င်းကဆက်လက်ပြောဆိုသည်။

 

 သံငရုတ်ဆုံကို ပရဆေး သမားများ အသုံးပြုကြကြောင်း၊ ကျောက်ငရုတ်ဆုံကို ကျောက်ငရုတ် ကျည်ပွေ့ဖြင့် အသုံးပြုရာတွင် ကျောက်မှုန့်ထွက်သောကြောင့် လူကြိုက်နည်းကြောင်း စဉ့်ငရုတ်ဆုံကို သစ်သားကျည်ပွေ့ဖြင့် အသုံးပြုသဖြင့် အမှုန်မထွက်သောကြောင့် လူကြိုက်များသည်ထင်ကြောင်း ၊တန်းဖိုးအနေဖြင့်လည်း စဉ့်ငရုတ်ဆုံ အကြီးတစ်လုံးကိုငွေကျပ် ၁၅၀ဝ၊ အလတ်တစ်လုံးလျှင် ငွေကျပ် ၁၀ဝ၀၊  အသေးတစ်လုံးလျှင် ငွေကျပ် ၈၀ဝ သာရှိသဖြင့် ဈေးနှုန်းသင့်တင့်သဖြင့် အရောင်းသွက်သည်ဟု ထင်ကြောင်း စဉ့်ထုတ်လုပ်ရောင်းဝယ်သူများက သုံးသပ်ကြသည်။

 

10042

 

 စဉ့်ထည် အမျိုးမျိုး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေကြီး ၊ လောင်စာဖြစ်သော ထင်း နှင့်ဝါးတို့ကို ဒေသအတွင်းမှ အလွယ်တကူ ရရှိသော်လည်း စဉ့်ရည်အဖြစ် အသုံးပြသည်ု့ ချော်ခဲချော်မှုန့် များကို ရွေဘိုမြို့နယ် ကျောက်မြောင်းဒေသမှ မှာယူအသုံးပြုကြရကြောင်း စဉ့်လုပ်ငန်းရှင်များကပြောသည်။

 

စဉ့်ထည်ငရုတ်ဆုံများကို တစ်နှစ်ပါတ်လုံး ရောင်းချနေရကြောင်း ၊ပုသိမ်မြို့ စဉ့်အိုးဖိုရပ်တွင် ၁၉၉၀ ခုနှစ်ခန့်အထိ  အလုပ်ရုံပေါင်း ၃၀ ကျော်ခန့်ရှိခဲ့ကြောင်း ယခုအချိန်တွင်အလုပ်ရုံ ၆ ရုံသာ ကျန်ရှိတော့ ကြောင်း ပညာရှင်များလည်း ၄ ဦးမျှသာ ကျန်ရှိတော့ကြောင်း ပုသိမ်မြို့ စဉ့်လုပ်ငန်းရှင်များထံမှ သိရသည်။

 

ပုသိမ်ခရိုင်ပြန်ဆက်