စဉ့်ကိုင်နှင့် ပလိပ်မြို့ဟောင်း

မောင်သာ(ရှေးဟောင်းသုတေသန)

ပလိပ်မြို့နှင့်ပတ်သက်လျှင် မြန်မာစာပေသမိုင်းတွင် စာဆို ဦးဖျော် ရေးဖွဲ့ခဲ့သည့် ရွှေနားတော်သွင်းဧချင်း (ပလိပ်စား ဧချင်း)သည် အလွန်ထင်ရှားခဲ့သည်။ ပလိပ်သည် မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် တည်ရှိ၍ စဉ့်ကိုင်မြို့မှ အနောက်မြောက်ယွန်းယွန်းသို့ ရှစ်မိုင်ခန့်နှင့် မန္တလေးမြို့မှ တောင်ဘက်သို့ ၁၄ မိုင် ကွာဝေးပြီး မြစ်ငယ်မြစ်(ဒုဋ္ဌဝတီ မြစ်)၏ အရှေ့ဘက်ကမ်း၌ရှိသဖြင့် ကုန်းလမ်း၊ ရေလမ်းဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။

အထွေထွေအုပ်ချုပ်ရေး   ဦးစီးဌာန၏   ၂၀၁၈   ခုနှစ် စက်တင်ဘာလကုန် စာရင်းများအရ ပလိပ်ကျေးရွာအုပ်စုတွင် အိမ်ခြေ  ၃၈၂၄ လုံးရှိ၍ လူဦးရေ ၁၈၀၇၇ ဦး နေထိုင် လျက်ရှိသည်။  လက်ရှိအချိန်တွင် ပြည်တွင်းဘုရားဖူးများ သွားရောက်လေ့ရှိကြသည့်  မြွေဘုရားကြောင့်  ကျော်ကြား သည့် ပလိပ်ဒေသသည် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်ကာ ရှေးဟောင်းအဆောက်အအုံများစွာသည် ပလိပ်၌ ယနေ့တိုင် ကျန်ရှိနေသည်။

ထို့ကြောင့်  ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာနက ပလိပ်ဒေသကို ရှေးဟောင်းအဆောက်အအုံ  တည်ရှိရာဇုန်၊  ရှေးဟောင်းနေရာ တည်ရှိသည့်ဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်(၁၁/၂၀၀၈)အဖြစ် ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၅ ရက်က သတ်မှတ်ခဲ့သည်။  ပလိပ်၌ ကျန်ရှိနေသည့် ရှေးဟောင်းစေတီ ၃၂၅ ဆူအနက် အချို့ ကိုသာ  မွမ်းမံပြုပြင်ထားပြီး အများစုသည် စေတီပျက်များအဖြစ် တည်ရှိနေကြသည်။

ပလိပ်မြို့ရှိ      ရတနာလာဘမုနိဘုရား   (မြွေဘုရား)၊ ဗန်းမော်ကျောင်း၊   ကျိတ်ကုန်းကျောင်း၊   ပါဋလိကျောင်း၊ ဗောဓိကျောင်း၊ လေးထပ်ကျောင်းနှင့် နောက်တော်ပါကျောင်း တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက  ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ယင်း စေတီ၊ ဂူဘုရား၊ သိမ်၊ တန်ဆောင်းများတွင် အင်းဝခေတ်၊ အမရပူရ ခေတ်၊ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ်လက်ရာများကို တွေ့ရှိရသည်။

စဉ့်ကိုင်နှင့် ပလိပ်

ပြည်ထဲရေးဝန်ကြီးဌာန   မှတ်တမ်းတွင်   စဉ့်ကိုင်မြို့ နယ်အတွင်း  ရှေးဟောင်းသုတေသန တွေ့ရှိချက်များအရ ကျောက်ခေတ်ယဉ်ကျေးမှုကို တွေ့ရှိရပြီး နှောင်းခေတ်များတွင်    ပဒေသရာဇ်အုပ်ချုပ်မှုအောက်၌    ရှိခဲ့ကြောင်းနှင့် အနော်ရထာမင်း  မတိုင်မီက မွန်၊ ရခိုင်၊ ပလောင်၊ ဝ နှင့် ဗမာလူမျိုးများ နေထိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စဉ့်ကိုင်သည် အင်းဝခေတ်က ဇော်ဂျီ  ငါးခရိုင်၌ ပါဝင်ခဲ့ကာ စဉ့်ကိုင်ကို ယခင်က ဆဋ္ဌဂံကုန်းဟု ခေါ်ဆိုခဲ့ကြောင်း၊ လက်ရှိ   စဉ့်ကိုင်မြို့၏   တောင်ဘက်   တစ်မိုင်အကွာတွင် စဉ့်ကိုင်ကြီးရွာရှိခဲ့ကာ ငစဉ့်ကိုင်ဟုခေါ်ခဲ့ကြောင်း၊ ဗြိတိသျှ အစိုးရ  လက်ထက်တွင်  ယင်းနေရာ၌  မီးရထားဘူတာရုံ တစ်ခုကို တည်ဆောက်ခဲ့ပြီး 'င'ကိုဖြုတ်၍ စဉ့်ကိုင်ဘူတာ ဟု အမည်ပေးခဲ့ကြောင်း၊  ဘူတာအနီးတွင် စဉ့်ကိုင်မြို့ကို ထူထောင်ခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ဖတ်ရှုရပေသည်။

လက်ရှိတွင် စဉ့်ကိုင်မြို့နယ်သည် ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊ တံတားဦးနှင့် မြစ်သားမြို့နယ်တို့ နှင့်အတူ ပါဝင်သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည်  စဉ့်ကိုင်မြို့နှင့်  ရပ်ကွက်များကို  ၁၉၇၂  ခုနှစ် ဇူလိုင် ၁၅ ရက်တွင်လည်းကောင်း၊ ကျေးရွာအုပ်စုများကို ၁၉၇၃ ခုနှစ် ဇူလိုင် ၂၅ ရက်တွင်လည်းကောင်း  ဖွဲ့စည်းခဲ့ သည်။ စဉ့်ကိုင်မြို့နယ်တွင် ရပ်ကွက် ငါးခု၊ ပလိပ်ကျေးရွာ အုပ်စု  အပါအဝင်  ကျေးရွာအုပ်စု ၄၈ အုပ်စုနှင့်  ကျေးရွာ ၁၆၃ ရွာ ရှိသည်။

ပလိပ်ဟူသည့်အမည် ဖြစ်ပေါ်လာခြင်းအပေါ် ယူဆ ချက်အမျိုးမျိုး ရှိခဲ့သည်။ ပုဂံဘုရင် အနော်ရထာ၏ မိဖုရား တစ်ပါးဖြစ်သူ     စောမွန်လှအား    နားတောင်းပန်ဆင်ရန် ပေရွက်ကိုလိပ်၍ ဆက်သခဲ့သဖြင့် ပေလိပ်ဟု ခေါ်ဆိုရာမှ ပလိပ်ဖြစ်လာသည်ဟုလည်းကောင်း၊    စောမွန်လှသည် မင်းပြစ်မင်းဒဏ်သင့်၍  ပုဂံနေပြည်တော်မှ  မိမိမွေးရပ် ရှမ်းပြည်သို့ ပြန်လာစဉ် ယခု ပလိပ်ဒေသအနီး ရောက်ရှိ ချိန်၌ ဒုဋ္ဌဝတီမြစ်အတွင်း ငါးလေးများကိုမြင်သဖြင့် ရှမ်း ဘာသာစကားဖြင့်"ပါလိစ်"ဟု ခေါ်ရာမှ ပလိပ်ဟု ပြောင်းလဲ ခဲ့သည်ဟုလည်းကောင်း   မူကွဲ   နှစ်ခုလုံးကို   အများစုက လက်ခံကြသည်။ အချို့ကလည်း ပလိပ်ဒေသသို့ ရှမ်းပြည်နယ်မှကုန်သည်များ ငါးဆားနယ်များ လာရောက်ဝယ်ယူ ရာတွင်  ပါလိစ်သို့သွားမည်ဟု  ပြောခဲ့ကြသည်ဟုလည်း ဆိုကြသည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ပလိပ်သည် မြန်မာစကားဖြစ်ကြောင်းနှင့် ရှမ်းတို့အခေါ် ငါးသေးများ ပေါသောအရပ်ဟု ဆိုလျှင်လည်း မမှားကြောင်း ပြောဆိုခဲ့သည်။ သို့သော် မြန်မာအဘိဓာန်တွင် ပလိပ် ဟူသည့် စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိချေ။

မြစ်သားမြို့နယ်အနီးတစ်ဝိုက်     နေရာများတွင် ကျောက်လက်နက်များ၊ ပျူယဉ်ကျေးမှု အသုံးအဆောင် ပစ္စည်းများ၊   နံရံဆေးပန်းချီများ၊   သမိုင်းမှတ်တမ်း ကျောက်စာများနှင့်   ရှေးဘုရင်များတည်ထားခဲ့သည့်  စေတီပုထိုးများကို    မြင်တွေ့နိုင်ကြသည်။  လက်ရှိ အချိန်တွင် စဉ့်ကိုင်မြို့နယ်တစ်ခုလုံး၌ ရှေးဟောင်းစေတီများ အပါအဝင် ဘုရားစေတီပုထိုးပေါင်း ၃၆၀၈ ဆူ တည်ရှိနေ၍ ပလိပ်ကျေးရွာရှိ မြွေဘုရား၊ သိန္နီကုန်းကျေးရွာ ရှိ ဖားလင်ပိုးဘုရားနှင့် ရွာနိုင်ရပ်ကွက်ရှိ ရွှေကျီးနားဘုရား တို့သည် ထင်ရှားကြသည်။

ဦးကုလားနှင့် စဉ့်ကိုင်

မြန်မာစာပေသမိုင်းတွင် ၁၈ ရာစု နောက်ပိုင်းမှ ၁၉ ရာစု နှစ်ဦးပိုင်းအတွင်း ရာဇဝင်ကျမ်းများ ပေါ်ထွက်ခဲ့ရာ ညောင်ရမ်းခေတ် တနင်္ဂနွေမင်း(ခရစ်နှစ် ၁၇၁၄-၁၇၃၃) လက်ထက်တွင်  ဦးကုလားရာဇဝင်၊ ကုန်းဘောင်ခေတ် ဗဒုံမင်း(ခရစ်နှစ် ၁၇၈၂-၁၈၁၉)လက်ထက်တွင် တွင်းသင်း မဟာရာဇဝင်သစ်နှင့် စစ်ကိုင်းမင်း(ခရစ်နှစ် ၁၈၁၉-၁၈၃၇) လက်ထက်တွင်   မှန်နန်းရာဇဝင်တို့ကို   ရေးသားပြုစု ခဲ့ကြသည်။

ယင်းရာဇဝင်ကျမ်းများ မပေါ်မီက ပြုစုခဲ့သည့် ရာဇဝင်ကျမ်းများသည်  အမျိုးအမည်များ  ကွဲပြားနေကြသကဲ့သို့ အကြောင်းအရာများသည် တစ်စောင်နှင့်တစ်စောင် မတူမညီ ကွဲပြားနေကြသဖြင့် ညောင်ရမ်းမင်းဆက်၊ ကိုးဆက် မြောက်ဘုရင် တနင်္ဂနွေမင်းလက်ထက် (ခရစ်နှစ် ၁၇၁၄-၁၇၃၃)တွင် စဉ့်ကိုင်သူဌေး ဒေဝသေဋ္ဌနှင့် သူဌေးကတော် မဏိသြဃတို့၏သား ဦးကုလားသည် ရာဇဝင်အသီးသီးကို ပေါင်းစည်းကာ မဟာရာဇဝင်ကြီး အမည်ရှိ ပြည့်စုံသည့် ရာဇဝင်ကျမ်းကြီးကို သက္ကရာဇ် ၁၀၇၆ ခု(ခရစ်နှစ် ၁၇၁၄) တွင် ပြုစုခဲ့သည်။

ဆရာဇော်ဂျီက    ဦးကုလား၏   မဟာရာဇဝင်ကြီးကို "အခါအခွင့်အားလျော်စွာ ပြည့်စုံခဲ့သည်ဟု ဆိုသင့်သည် လည်းဖြစ်၍ အစောဆုံး ပေါ်ပေါက်ခဲ့သည်လည်းဖြစ်သော မြန်မာရာဇဝင်ကျမ်း"ဟု သုံးသပ်ခဲ့သည်။ ဦးကုလားသည် ရာဇဝင်ကျမ်းကြီးကို  မြန်မာ့ခေတ်ဦးမှသည် ညောင်ရမ်း မင်းဆက်တိုင် ပြည့်စုံစွာ ရေးသားခဲ့ပြီး ရာဇဝင်လတ်နှင့် ရာဇဝင်ချုပ်တို့ကိုပါ  ပြုစုခဲ့သဖြင့်  စဉ့်ကိုင်နယ်သားတို့ ဂုဏ်ယူကြရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။

ပလိပ်ဒေသသို့

"မြို့မှာ ပုဂံ၊ ရွာမှာ ပလိပ်"ဟု ဆိုရိုးရှိခဲ့သည့်အတိုင်း ရှေးဟောင်း ဘုရားစေတီပုထိုးများ အများဆုံးရှိခဲ့သည့်မြို့ သည် ပုဂံဖြစ်၍ ရှေးဟောင်းဘုရားစေတီပုထိုးများ အများဆုံး ရှိခဲ့သည့်ရွာသည်   ပလိပ်ကျေးရွာဖြစ်သည်။   ပလိပ်သည် ပုဂံခေတ်အချိန်ကာလတွင် လူအများနေထိုင်သည့် ဒေသ တစ်ခုဖြစ်ခဲ့သည်။  ပလိပ်ဒေသ၌ များစွာသော သာသနိက အဆောက်အအုံများကို မြင်တွေ့ကြရသော်လည်း မြို့ရိုး ဟောင်းများ ၊ မြို့ရိုးအရာများကိုကား မတွေ့ရှိရသေးချေ။

၁၉၇၅ ခုနှစ်က  ပုဂံ၌  ငလျင်လှုပ်ခဲ့စဉ်  ပြိုကျပျက်စီး ခဲ့သည့်    စေတီပုထိုးများမှ   ရရှိခဲ့သည့်    အုတ်ခဲများတွင် 'ပလိပ်'ဟု အမည်ရေးထားသည့် အုတ်ချပ်များကို တွေ့ရှိခဲ့ သည်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ မြန်မာ့အိုး သမိုင်းတွင်  ပုဂံခေတ်က အုတ်များ  ထုတ်လုပ်ကြရာတွင် အုတ်များပေါ်၌  အုတ်ဖုတ်သည့်ဒေသ သို့မဟုတ် အုတ် ရောင်းချသူ သို့မဟုတ် အုတ်ဝယ်ယူ၍ ဘုရားတည်သူ ဟူသည့်   အမည်သုံးမျိုးအနက်   တစ်ခုခုကို   ရေးလေ့ရှိခဲ့ ကြောင်း  ဖော်ပြထားသဖြင့်  ပလိပ်ဟု  အမည်ပါရှိသည့် အုတ်များသည် ပလိပ်ဒေသတွင်ထုတ်လုပ်ခဲ့သည့်အုတ်များ ဖြစ်နိုင်ကြောင်း ယူဆနိုင်ပေသည်။

ပုဂံခေတ်က  အနီးဝန်းကျင်ရှိ  ဒေသများမှ ထုတ်လုပ် သည့် အုတ်များကို ပုဂံသို့ ယူဆောင်ကာ စေတီပုထိုးများ တည်ခဲ့ကြသည်။ ထို့ကြောင့် ပလိပ်အမှတ်အသားပါ အုတ် များအရ ပုဂံခေတ်က ပလိပ်တွင် အုတ်ဖုတ်လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း မှန်းဆနိုင်ပေသည်။ (ပုဂံ စေတီပုထိုးများ ပြိုကျရာမှရရှိသည့် အုတ်ဟောင်းများကို ပုဂံ ရှေးဟောင်း သုတေသနပြတိုက်တွင် ထိန်းသိမ်းထားရှိသည်။)

သုတေသီစာရေးဆရာ တိုက်ကြည်(စဉ့်ကိုင်)၏ သုတေ သန  ပြုလုပ်ချက်အရ  မန္တလေးနန်းတွင်း  ကျောက်စာရုံရှိ ကျောက်စာအမှတ်  န-၅၉၅(က)နှင့် (ခ)  ကော်နာဖီးနစ် ကျောက်စာတွင် ပလိပ်မြို့ရှိ လယ်မြေ ၁၀ ပယ်ခွဲ လှူဒါန်း မှုကို  ရေးထိုးခဲ့ကြောင်း  သိရှိရပေသည်။ သက္ကရာဇ် ၅၆၄ ခုနှစ်ထိုး ယင်းကျောက်စာ၌ ပုဂံသည်၏မြေး မပြေသင်နှင့် အိုကြွက်သင်တို့၏  သားဖြစ်သူ ကော်နာဖီးနစ်နှင့်  နှမ  အိုညယ်ကြီးတို့က အဘိုး အဘွား မိဘများ၏ ရှေးဟောင်း ကြေးဘုရားကြီးနှင့် ဂူဘုရားတွင် ပန်တျာကချေသည်များ နှင့် ပလိပ်ဒေသရှိ လယ် ၁၀ ပယ်ခွဲ လှူဒါန်းခြင်း၊ အုန်းပင်၊ ထန်းပင်၊ ညောင်ပင်များ စိုက်ပျိုးခြင်း၊ သင်ပုပ်ဆီမီး လှူဒါန်း ခြင်းများ ပြုလုပ်ခဲ့ကြောင်း မှတ်တမ်းရေးထိုးခဲ့သည်။

ယင်းကျောက်စာကို    အိုးထိန်းတောင်ကျေးရွာရှိ ဦးထွန်းဝင်းပိုင်သော ခြံအတွင်းမှ ၁၉၅၆ ခုနှစ်က တူးဖော် တွေ့ရှိခဲ့ပြီး ကျောက်စာအရ ပလိပ်ဒေသသည် ပုဂံခေတ် ကတည်းကပင် စည်ပင်ခဲ့ကြောင်း မှတ်ချက်ပြုနိုင်ခဲ့သည်။ ဆင်ဖြူရှင်မင်းလက်ထက်တွင် ပလိပ်စားဧချင်းဟု ထင်ရှား သည့် ရွှေနားတော်သွင်းဧချင်းကို ဘုရင့်ထံ တင်သွင်းခဲ့သူ ဦးဖျော်အား   "မင်းရဲရာဇာ"   ဘွဲ့အမည်ဖြင့်   ပလိပ်ရွာကို အပိုင်စားပေးခဲ့သည်။

ပြန်တမ်းထဲမှ ပလိပ်

ဗဒုံမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၅ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အမရပူရ ဓာတ်ကြငှန်းစိုက်စာရင်း အမိန့် တော်ပြန်တမ်းတွင် တောင်ဘက်နယ်သတ်အရပ်ကို ပလိပ် ရွာကုန်  ဗောဓိသတ်ဘုရား  ငါးရံ့ချောင်း  တိန်ညင်တော အပိုင်းအခြားဟု ဖော်ပြခဲ့သည်။ မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ် ပြာသိုလဆန်း ၁၅ ရက် နေ့စွဲပါ  မက္ခရာတံဆိပ်တော်ရ ကြေးတိုင်သူကြီး ငခွေးနှင့် မြို့စာရေး  ငပုတို့ ထွက်ဆိုချက် ပါရှိသည့် စစ်တမ်းသည် တိကျခိုင်မာသည့် ရှေးဟောင်း စစ်တမ်းတစ်ခု ဖြစ်ခဲ့သည်။

ယင်းစစ်တမ်းအရ ဗဒုံမင်းလက်ထက် မက္ခရာနယ်မြေ သတ်မှတ်ချက်တွင်   ပလိပ်သည်   လယ်တွင်းကိုးခရိုင်၏ နယ်သတ်အရပ်(နယ်မြေအဆုံးနေရာ)ဖြစ်သည်။ မက္ခရာ နယ်မြေ၏  အနောက်မြောက်ဘက်ရှိ   ဒုဋ္ဌဝတီမြစ်သည် ပလိပ်ရွာမြေအစပ်ဖြစ်၍ ရတနာပုံခေတ် မင်းတုန်းမင်းကြီး လက်ထက်တွင်   ဒုဋ္ဌဝတီမြစ်၏   အနောက်ဘက်ကမ်း၌ ကျောက်တိုင်များစိုက်၍ မက္ခရာနှင့် ရတနာပုံမြို့ တော်ကို နယ်မှတ်ရပ်အဖြစ် ပိုင်းခြားသတ်မှတ်ခဲ့သည်။

သမိုင်းဝင် လယ်တွင်းကိုးခရိုင်တွင် ပါရှိသည့် စဉ့်ကိုင် ဒေသ၏အစွန်း၌ တည်ရှိသည့် ပလိပ်တွင် စေတီပုထိုးများ နှင့် သာသနာတော်ဆိုင်ရာ အဆောက်အအုံများ စုစည်း နေခြင်းသည် ထူးခြားချက်တစ်ရပ် ဖြစ်နေသည်။ ဗိသုကာ လက်ရာများအရ ယင်းတို့ကို အင်းဝခေတ်မှသည် ကိုလိုနီ ခေတ်အတွင်း တည်ဆောက်ခဲ့ကြောင်း တွေ့ရှိကြရသဖြင့် ထိုအချိန်က  ကုန်းလမ်း  ရေလမ်း  အချက်အချာကျသည့် ပလိပ်သည်  များစွာ  စည်ပင်ထွန်းကားခဲ့ဟန်ရှိကြောင်း ယူဆနိုင်ခဲ့သည်။  သို့သော်  နန်းမြို့တော်  မဟုတ်ခဲ့သဖြင့် နန်းတော်၊ မြို့ရိုး၊ တံတိုင်းနှင့် ကျုံးများကို တည်ဆောက် ခဲ့ခြင်း ရှိဟန်မတူချေ။

ပလိပ်ရှေးဟောင်းဇုန်

ကြွင်းကျန်နေသည့် စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ   စုဝေးတည်ရှိခဲ့သဖြင့်   မြို့ဟောင်း တစ်ခုဟု ယူဆရသည့် ပလိပ်ကို နိုင်ငံတော်က ရှေးဟောင်း အဆောက်အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာ တည်ရှိသည့်ဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်အဖြစ် သတ် မှတ်ခဲ့သည်။

ယင်းအမိန့်ကြေညာစာ     အမှတ်(၁၁/၂၀၀၈)အရ ရှေးဟောင်းအဆောက်အအုံ  တည်ရှိရာဇုန်သည်  ရတနာ

လာဘမုနိဘုရား(မြွေဘုရား)ကုန်းမြေပေါ်ရှိ အမှတ်(၁)မှ (၂၇)အထိ အစုလိုက်တည်ရှိနေသည့် ဘုရားများ၏ အုတ် တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ ဗန်းမော်ကျောင်း အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ ကျိတ်ကုန်းကျောင်း  ဧရိယာအတွင်းရှိ  အမှတ်(၁၃၃)မှ (၁၅၈)အထိ အစုလိုက်တည်ရှိနေသည့်  ဘုရားများ၏  အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ ပါဋလိကျောင်း ဧရိယာတွင်းရှိ အမှတ်(၁၅၉)မှ (၁၆၅)အထိ  အစုလိုက်  တည်ရှိနေသည့် ဘုရားများ၏ အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ ဗောဓိကျောင်းဧရိယာအတွင်းရှိ   အမှတ်(၁၆၆)မှ  (၂၁၀) အထိ   အစုလိုက်   တည်ရှိနေသည့်   ဘုရားများ၏   အုတ် တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ လေးထပ်ကျောင်း ဧရိယာအတွင်းရှိ အမှတ်(၂၁၁)မှ (၂၃၉)အထိ အစုလိုက် တည်ရှိနေသည့် ဘုရားများ၏ အုတ်တံတိုင်းမှ အပြင်ဘက် သို့ ၂၅ ပေအထိနှင့် နောက်တော်ပါကျောင်း ဧရိယာတွင်းရှိ အမှတ်(၂၄၀)မှ (၂၆၁)အထိ   အစုလိုက်  တည်ရှိနေသည့် ဘုရားများ၏  အုတ်တံတိုင်းမှ  အပြင်ဘက်သို့ ၂၅ ပေ အထိ ပါဝင်သည်။

ပလိပ် ရှေးဟောင်းနေရာတည်ရှိသည့်ဇုန်သည် အရှေ့ သို့လားသော် ရတနာလာဘ ဘုရားကုန်းနှင့် ကျိတ်ကုန်း ကျောင်းရှိ ဘုရားစုမှ ပေ ၃၀ အထိ၊ အနောက်ဘက်သို့ လားသော် မြောက်မြေရပ် ချမ်းသာကြီးဘုရားစုနှင့် နောက် တော်ပါရပ် ရတနာမဉ္ဇူဘုရားစုမှ ပေ ၃၀အထိ၊ တောင် ဘက်သို့လားသော် ဗောဓိကျောင်းနှင့် လေးထပ်ကျောင်း ဘုရားစုများမှ ပေ ၃၀ အထိ၊  မြောက်ဘက်သို့လားသော် ရတနာလာဘဘုရားကုန်းမှ ချမ်းသာကြီးဘုရားရှိ  ဘုရားစု များမှ ပေ ၃၀ အထိ ဖြစ်သည်။

ကာကွယ်ထိန်းသိမ်းထားသောဇုန်သည် အရှေ့ဘက် တွင်  ဒုဋ္ဌဝတီမြစ်  တံတားကွေ့မှ  အင်းလျား  ကန်သာအေး ရွာနှင့်    ဒုဋ္ဌဝတီမြစ်    အနောက်ဘက်ကမ်းတစ်လျှောက် ရွာဟောင်းကုန်းကျေးရွာအထိ၊  အနောက်ဘက်တွင်  ဒုဋ္ဌ ဝတီမြစ်  ထောင့်ချိုးကွေ့  အရှေ့ဘက်ကမ်းတစ်လျှောက် စိတ္တရရွာမှ တဘက်ဆွဲရွာ၊ ယင်းမှ ပန်းလောင်မြစ် အနောက် ဘက်ကမ်းတစ်လျှောက် တံတားဦး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသို့သွားသည့် လမ်းဆုံအထိ၊ တောင်ဘက် တွင်   ရန်ကုန်-မန္တလေး   ကားလမ်းနှင့်   လေယာဉ်ကွင်း လမ်းဆုံမှ ပန်းလောင်မြစ်ကူးတံတားအထိ၊ မြောက်ဘက် တွင် မြောက်ကိုင်းကျေးရွာမှ ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက် ဖြစ်ပေသည်။

ယခုထက် ပိုမို ထိန်းသိမ်းသင့်

ပလိပ်ဒေသသည် မြစ်ငယ်မြစ်ကမ်းပေါ်တွင် တည်ရှိ သဖြင့် ရေလမ်းခရီး ဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် တစ်ချိန်က ကုန်စည်ရောင်းဝယ်ဖောက်ကားမှု ကောင်းခဲ့၍ လူအများ ဝင်ထွက်သွားလာ  စည်ကားခဲ့သည့်  နေရာဟု မှန်းဆရပေသည်။   လက်ရှိအချိန်တွင်   ပလိပ်ဒေသသို့ ရောက်ရှိလာကြသူများအနက် ခေတ်အဆက်ဆက် တည် ထားခဲ့သည့် သာသနိကအဆောက်အအုံများကို သတိပြု မိသူ  နည်းပါးကြသကဲ့သို့  စေတီပုထိုး  အဆောက်အအုံ ပျက်များကို  ထိန်းသိမ်းစောင့်ရှောက်မှုများသည်လည်း အတန်ငယ် အားနည်းခဲ့ပေသည်။

သို့သော်   တစ်ချိန်က   ဖွံ့ဖြိုးစည်ပင်ခဲ့သည့်   ပလိပ် ဒေသရှိ  ရှေးဟောင်းအမွေအနှစ်များကို ယခုထက် ပိုမို ထိန်းသိမ်းထားရှိနိုင်မည်ဆိုပါက    ပလိပ်သည်   မြန်မာ့ ရှေးဟောင်းနယ်မြေတစ်ခုအဖြစ် ထင်ရှားကျော်ကြားလာ ကာ ခရီးသွားလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယူဆမိပါသည်။

ကိုးကား

(၁) စဉ့်ကိုင်မြို့နယ် ဒေသဆိုင်ရာ

 အချက်အလက်များ

 (ပြည်ထဲရေးဝန်ကြီးဌာန)

(၂) သမိုင်းဝင် ပလိပ်မြို့ (တိုက်ကြည်၊ စဉ့်ကိုင်)

(၃) မန္တလေးမြို့ကို ဗဟိုပြု၍ (ရန်နောင်စိုး)