စဉ့်ကိုင်မြို့နယ် တောင်ရင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

စဉ့်ကိုင် ၁၂ မတ်  

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောင်ရင်းကျေးရွာရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံဝန်းအတွင်း ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

စက်ရုံဝန်းအတွင်း အချိန်ကြာမြင့်စွာ စွန့်ပစ်ထားသော စွန့်ပစ်ပစ္စည်းပုံနှင့်အတူ အထပ်သားပြုလုပ်သည့် ကုန်ကြမ်းပစ္စည်းများ မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါသစ်အချောထည်စက်ရုံ မီးလောင်မှုဖြစ်စဉ်တွင် အမှတ်(၇)လေကြောင်းရန် ကာကွယ်ရေးနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စွန်ရဲတပ်နယ်မှ စစ်သည်အင်အား(၇၀)ဦး၊ စဉ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့ရဲမှူးညွန့်ဌေးနှင့် အဖွဲ့ဝင်(၂၀) ဦး၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇေယျနှင့်  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဦးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းမီးသတ်ယာဉ်(၃၉)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၉၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၆၉)ဦးနှင့် အဆိုပါ စက်ရုံမှ ဝန်ထမ်းများဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီ(၄၅)အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပြီး စဉ့်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်းနှင့်  တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

မီးလောင်စေနိုင်သော စွန့်ပစ်ပစ္စည်းများအား အချိန်ကြာရှည်စွာထားရှိပြီး မီးဘေးအန္တရာယ် ပေါ့ဆမှုကြောင့် ဦးကြည်နိုင်အား စဉ့်ကိုင်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းဝင်းသန်း(စဉ့်ကိုင်)