စွန့်ပစ်ပစ္စည်းကင်းစင်သည့် လူ့ဘောင်ဆီ

 

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) မကြာမီက ပေါ်ထွက်လာသည်။ ယင်းမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်သူ/ပုဂ္ဂလိက ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အဓိက ပါဝင်ပတ်သက်သူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှအကြံပေး ပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းများ အားသွန်ခွန်စိုက် ပူးပေါင်းကြိုးပမ်းကာ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

 

စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုသော ဝေါဟာရက မိမိတို့ ပြည်သူအများစု မရင်းနှီးသေးသည့် ဝေါဟာရ ဖြစ်ကောင်းဖြစ်နိုင်သည်။ အမှိုက်ဟု ဆိုလျှင်တော့ နားလည်လွယ်နိုင်သည်။ သို့ရာတွင် စွန့်ပစ်ပစ္စည်းဟု ဆိုရာတွင် အစိုင်အခဲ စွန့်ပစ်ပစ္စည်း၊ စွန့်ပစ်အရည်နှင့် စွန့်ထုတ်ရေ၊ ထုတ်လွှတ် အခိုးအငွေ့တို့ လွှမ်းခြုံ ပါဝင်နေသည်။ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတွင် သမားရိုးကျနည်းလမ်းနှင့် ရေရှည်ကောင်းမွန်သော နည်းလမ်းဟူ၍ နှစ်မျိုးရှိသည်။ သမားရိုးကျ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်းတွင် သိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ပါဝင်ပြီး ရေရှည်ကောင်းမွန်သော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတွင် စွန့်ပစ်ပစ္စည်းထွက်ရှိမှု လျှော့ချခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်း (Recycle) တို့ ပါဝင်သည်။

 

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ သမားရိုးကျ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု နည်းလမ်းဖြစ်သည့် စွန့်ပစ်ပစ္စည်း (အမှိုက်များကို သိမ်းဆည်းခြင်း၊ စွန့်ပစ်မည့်နေရာသို့ သယ်ယူပို့ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်နေရပြီး လူဦးရေတိုးပွားလာခြင်း၊ စီးပွားရေး တိုးတက်လာခြင်းတို့ကြောင့် စွန့်ပစ်ပစ္စည်းများ များပြားလာသော်လည်း တစ်ဖက်တွင်မူ ထိရောက်သော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်၊ သင့်လျော်သော အခြေခံအဆောက်အအုံ၊ မတည်ရင်းနှီးငွေ၊ ဘဏ္ဍာရေး၊ သင့်လျော်သော အခြေခံအဆောက်အအုံ၊ မတည်ရင်းနှီးငွေ၊ ဘဏ္ဍာရေး၊ လူ့စွမ်းအားအရင်းအမြစ်တို့ ချို့တဲ့နေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ အားနည်းနေခြင်းကြောင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုအများအပြား ကြုံတွေ့နေရကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး သုံးမြို့ဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် နေ့စဉ် စွန့်ပစ်ပစ္စည်း ထွက်ရှိမှု သိသိသာသာ မြင့်တက်နေပြီး ပြည်သူလူထု ကျန်းမာရေးကို ထိခိုက်စေမှု နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မြို့နယ်အများစုတွင် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းပမာဏ သုံးပုံတစ်ပုံမှ သုံးပုံနှစ်ပုံခန့်ကို စနစ်တကျ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်း မရှိသည့်အပြင် စွန့်ပစ်ပစ္စည်းများကို အနီးပတ်ဝန်းကျင်ရှိ မြေလွတ်များ၊ လမ်းများနှင့် မြစ်ချောင်းအင်းအိုင်များ၊ ကန်များတွင် မကြာခဏစွန့်ပစ်ခြင်း၊ မီးရှို့ခြင်း များကြောင့် မြေပေါ်နှင့် မြေအောက်ရှိ ရေများကို ညစ်ညမ်းမှုဖြစ်ပေါ်စေလျက်ရှိကြောင်း၊ စက်မှုစွန့်ပစ်ပစ္စည်းများနှင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများလည်း များပြားလာကြောင်း မဟာဗျူဟာ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

 

အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်သည် စွန့်ပစ်ပစ္စည်း လုံးဝကင်းစင်သော လူ့ဘောင် အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ဦးတည်ပြီး ကာလတို ရည်မှန်းချက်များကို (၂၀၁၈ မှ ၂၀၂၀ ထိ)၊ ကာလလတ် ရည်မှန်းချက်များကို (၂၀၂၁ မှ ၂၀၂၅ ထိ) ၊ ကာလရှည် ရည်မှန်းချက်များ ကို (၂၀၂၅ မှ ၂၀၃၀ ထိ) ဟူ၍ သတ်မှတ်ထားသည်။ လက်ရှိအသုံးပြုနေသည့် သမားရိုးကျ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စနစ်ကို ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးဖြစ်ထွန်းသည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်သို့ ပြောင်းလဲကျင့်သုံးသွားခြင်းအားဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စွန့်ပစ်ပစ္စည်းကင်းစင်ခြင်း၊ အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ ရေရှည်တည်တံ့သည့် လူ့ဘောင်အဖွဲ့အစည်းကို ရရှိခြင်း စသည့်ရလဒ်များကို ရရှိရန်ရည်မှန်းထားသည်။

 

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်သည်နှင့်အမျှ သန့်ရှင်း၍ ဘေးအန္တရာယ်ကင်းသည့် ဝန်းကျင်များကို ဖန်တီးပေါ်ထွန်းလာစေပြီး ပြည်သူများ ကျန်းမာရေးအတွက် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရေးအတွက်၊ စီးပွားရေးလုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာရန်အတွက် စသည့် ရလဒ်ကောင်းများ ရရှိလာနိုင်မည်ဖြစ်သည်။ အမျိုးသားအဆင့် မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် ဖြစ်သည့်အလျောက် တစ်မျိုးသားလုံးက အမျိုးသားရေးအသွင် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် မျှော်မှန်းထားသည့် ၂၀၃၀ ပြည့်နှစ်တွင် စွန့်ပစ်ပစ္စည်းကင်းစင်သည့် လူ့အဖွဲ့အစည်းနှင့် သန့်ရှင်းလှပသည့် ပတ်ဝန်းကျင်တို့ ပေါ်ထွန်းလာ မည်ဟု ယုံကြည်မိပါကြောင်း။ ။

 

မြန်မာ့အလင်း