စည်းကမ်းလိုက်နာဘေးကင်းကွာ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်- ၁၉ ) အစဉ်အမြဲ သတိပြုကာကွယ်ပါ

ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာ)

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် - ၁၉) ကမ္ဘာ့ကပ်ရောဂါသည် ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံ အများအပြားသို့ ကူးစက်ဖြစ်ပွားလျက်ရှိပါသည်။ အချိန်တိုအတွင်း နိုင်ငံနှင့် နေရာဒေသအများအပြားသို့ လျင်မြန်စွာ ကူးစက်ဖြစ်ပွားခဲ့သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါ (Pandemic Disease) အဖြစ် (၁၂-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၄ - ၁၀-၂၀၂၀ ရက်နေ့ ည ၈:၃၀ နာရီ အထိ ကမ္ဘာတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသူပေါင်း ၃၄ သန်းကျော်ရှိနေပြီဖြစ်ကာ ရောဂါကြောင့် သေဆုံးသူ တစ်သန်းကျော် ရှိပြီ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်မတ်လ ၂၃ ရက်နေ့တွင် ပထမဦးဆုံး ကိုဗစ် - ၁၉ ရောဂါ လူနာအား စတင်တွေ့ရှိခဲ့ရာ ၄-၁၀-၂၀၂၀ရက်နေ့ ညနေ ပိုင်းအထိ ကိုဗစ်- ၁၉ ရောဂါလူနာ ၁၇၇၉၄ ဦး ရှိ၍ ကိုဗစ် - ၁၉ ရောဂါဖြင့် သေဆုံးသူ ၄၁၂ ဦးရှိပါသည်။ ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လများတွင် ပြည်တွင်း ကူးစက်မှုများ လျော့ကျပြီး ဖြစ်ပွားလူနာ လျော့နည်းသယောင်ရှိခဲ့ရာမှ ဩဂုတ်လလယ်ခန့်မှ စတင်ကာ ကိုဗစ်- ၁၉ ရောဂါသည် ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် အသွင်စတင်ပြန့်ပွားလာခဲ့ရာမှ ယခုရက်ပိုင်းတွင်အခြား ပြည်နယ်/တိုင်းဒေသကြီးများ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လျင်မြန်စွာဖြင့် ကူးစက်မှုများပြားပြင်းထန်နေခဲ့ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်နေသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် ၄-၁၀-၂ဝ၂ဝ ရက်နေ့အထိ ဖြစ်ပွားလူနာ ၈၁၄ ဦး ရှိပြီဖြစ်ပါသည်။ ကူးစက်ခံရသူအများစု ၁၀၀ ကျော်မှာ ကာရာအိုကေဆိုင် (KTV) တစ်ခုမှဝန်ထမ်းများနှင့် အဆိုပါဆိုင်သို့ သွားရောက်ခဲ့သူများမှတစ်ဆင့် ကူးစက်ခံရသူများဖြစ်ကြပါသည်။ ကာရာအိုကေဆိုင်(KTV)များ၌ အလုံပိတ်အခန်း /air-conditioned အခန်းများ (enclosed settings) တွင် လူစုလူဝေးဖြင့်နေထိုင်ခြင်း (crowding)၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာ၍ ခပ်ခွာခွာ မနေခြင်း (close contacts)၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်ခြင်း၊ ကျယ်လောင်စွာ သီချင်းဆိုရာမှ ရောဂါပိုးများအပြင်သို့ များပြားစွာထွက်ရှိလာခြင်း၊ မိုက်ကရိုဖုန်းများကို တစ်ဦးမှတစ်ဦး လက်ဆင့်ကမ်း သုံးစွဲသီဆိုခြင်း၊ အစားအသောက် အဖျော်ယမကာများကို အတူတကွ နီးကပ်စွာစားသောက်ခြင်းစသည့် ကိုဗစ် - ၁၉ ရောဂါကို လွယ်ကူလျင်မြန်စွာ ကူးစက်စေသည့် အပြုအမူနှင့် အခြေအနေများစွာ ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ။

 

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် -၁၉) ရောဂါပိုးပါဝင်နိုင်သည့် အစက်အမှုန်ငယ် (droplets) များသည် အသက်ရှူထုတ်ခြင်းမှတစ်ဆင့် အနီးပတ်ဝန်းကျင် ငါးပေခန့်အထိလည်းကောင်း၊ ချောင်းဆိုးခြင်းမှတစ်ဆင့် တစ်စက္ကန့်လျှင် ၃၃ ပေနှုန်းအရှိန်ဖြင့် ခြောက်ပေခွဲခန့်အထိ၊ နှာချေခြင်းမှတစ်ဆင့် တစ်စက္ကန့် လျှင် ၁၆၄ ပေနှုန်းအရှိန်ဖြင့် ၁၉ ပေခွဲခန့်အထိ ရောက်ရှိနိုင်ပါသည်။ လတ်တလော သုတေသန တွေ့ရှိချက်များအရ အဆိုပါအစက်အမှုန်ငယ် (droplets) များသည် ပလတ်စတစ်ဘူးခွံများပေါ်တွင် ငါးရက်ခန့်၊ မှန်/ သစ်သား/စက္ကူ တို့ပေါ်တွင် (၄-၅) ရက်ခန့်၊ စတီးပစ္စည်း (Stainless Steel) များပေါ်တွင် ၄၈ နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသည်။ ထို့အပြင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုး၏ မျိုးရိုး ဗီဇပြောင်းလဲမှုများကြောင့် ပိုး၏ကူးစက်နိုင်မှု (infectivity) သည် ယခင်မျိုးရိုးဗီဇ ရှိသောပိုးနှင့် နှိုင်းယှဉ်လျှင် ၁၀ ဆ ခန့်အထိ မြင့်မားလာကြောင်း သိရှိရပါသည်။

 

ကာရာအိုကေဆိုင် (KTV) ဆိုင်များ၊ ညကလပ်များစသည့် အလားတူ လုပ်ငန်းများကိုမှီခို၍ အသက်မွေးဝမ်းကျောင်း ဆောင်ရွက်နေရသူများသည် အထက်ဖော်ပြပါ အခြေအနေများကြောင့် ကာလတိုအတွင်း ကိုယ်တိုင် ရောဂါကူးစက်ခံရာမှ ထိုသူ၏ မိသားစုများအပါအဝင် အခြားသူများကိုပါ ရောဂါအဆင့်ဆင့် ဆက်လက်ကူးစက်သွားနိုင်သည့် အခြေအနေရှိပါသည်။ အလားတူပင် မြန်မာနိုင်ငံတွင် ရောဂါစတင် ဖြစ်ပွားချိန်ဖြစ်သည့် မတ်လ၊ ဧပြီလတို့တွင် အခန်းငယ်ကျဉ်းကျဉ်းအတွင်း လူစုလူဝေးဖြင့် မိုက်ကရိုဖုန်းသုံး၍ ဘာသာရေးဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ခဲ့မှုကြောင့် ဆက်စပ် ပတ်သက်ခဲ့ကြသော အင်းစိန်မြို့နယ်မှ ပြည်သူ ၇၂ ဦးခန့် ရောဂါ ကူးစက်ခံခဲ့ရပါသည်။

 

ကာရာအိုကေဆိုင် (KTV) များသို့ သွားရောက်သူများကိုပါ ရောဂါကူးစက်စေမှု များပြားစေခဲ့သည့်အတွက် ကာရာအိုကေဆိုင် (KTV) များ၊ ညကလပ်များ စသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများစေသည့် လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောဂါကူးစက်မှု များပြားချိန်တွင် လုံးဝပိတ်သိမ်းထားရန် လိုအပ်သကဲ့သို့ တရားမဝင်ဖွင့်လှစ် ထားရာနေရာများသို့လည်း လုံးဝမသွားရောက်ရန်လည်း ပြည်သူလူထုမှ နားလည်သဘောပေါက်ကြကာ လိုက်နာကြရန် လိုအပ်ပါသည်။ ။

 

ရောဂါကူးစက်မှုကွင်းဆက်များကို လျင်မြန်ထိရောက်စွာ ဖြတ်တောက်နိုင်၍ လူမှုရေး၊ စီးပွားရေး လုပ်ငန်းဆောင်တာများ အမြန်ဆုံး ပြန်လည်ပုံမှန်ဖြစ်စေရေးအတွက် ယခုအချိန်တွင် မိမိအိမ်တွင်သာ နေထိုင်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ စားဝတ်နေရေးအတွက် မဖြစ်မနေ ဈေးဝယ်သွားခြင်းကဲ့သို့ ကိစ္စများကို ဆောင်ရွက်မည့်သူများ အနေဖြင့် မိမိကိုယ်တိုင်၏ ကျန်းမာရေးနှင့် ရောဂါပြင်းထန်၍ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအသက်ဘေးအန္တရာယ် အားငဲ့ကွက်၍ လည်းကောင်း နေအိမ်တွင်ကျန်ခဲ့သော အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို/နှလုံးသွေးတိုး/ကျောက်ကပ် စသည့် နာတာရှည်ရောဂါရှိသူ မိသားစု ဝင်များတွင်လည်း ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အသက်ဘေးအန္တရာယ်အား ငဲ့ကွက်၍လည်းကောင်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပိုမို၍ တိတိကျကျ အစဉ်အမြဲသတိပြုလိုက်နာကြရမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ ယခုအချိန်တွင် မိမိနေအိမ်တွင်သာ နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်၍ စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက ကျန်းမာရေးကောင်းမွန်သူ လူငယ်လူရွယ်များသာ ဖြစ်သင့်ပါသည်။ ထိုသို့ထွက်ရာတွင် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ မပျက်မကွက် (မပျက်မကွက်) တပ်ဆင်ခြင်း၊ လူစုလူဝေး လုံးဝရှောင်ခြင်း၊ အခြားသူများနှင့် ခြောက်ပေအကွာဖြင့် ခပ်ခွာခွာနေထိုင်ခြင်း၊ အယ်ကိုဟော(လ်) အနည်းဆုံး ၆ဝ ရာခိုင်နှုန်း ပါဝင်သော ရေမလို လက်သန့်ဆေးရည်ကိုဆောင်ထား၍ အသုံးပြုခြင်း (သို့မဟုတ်) ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏဆေးကြောခြင်း၊ အိမ်ပြန်ရောက်သည်နှင့် အပြင်ထွက်စဉ် ဝတ်ဆင်ထားသည့် အဝတ်များကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ မိနစ် ၃၀ ခန့် စိမ်၍ လျှော်ဖွပ်ခြင်း၊ နေ့စဉ်အိမ် အပြင်ထွက်ရသူသည် နေအိမ်ရှိ အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို / နှလုံး သွေးတိုးကျောက်ကပ် စသည့်နာတာရှည်ရောဂါရှိသူ မိသားစုဝင်များနှင့် အနီးကပ်ထိတွေ့မှုမရှိအောင် နေထိုင်ခြင်းတို့ကို အပြင်ထွက်သူတစ်ဦးချင်းစီမှ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။ ။

 

ကိုဗစ် - ၁၉ ရောဂါ အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူသာလျှင် အဓိက ဖြစ်သည်နှင့်အညီ တစ်ဦးတစ်ယောက်ချင်းစီမှ စတင်ကာ ပြည်သူအားလုံးအနေဖြင့် လူတိုင်းကိုယ်စီကိုယ် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် အထက်ဖော်ပြပါ လိုက်နာရန်အချက်များအား အစွမ်းထက်ထိရောက်ပြီး လုံခြုံစိတ်ချသည့် ကာကွယ်ဆေး မရရှိမီအထိ အစဉ်အမြဲ ပြုမူနေထိုင်ကြရမည် ဖြစ်ပါသည်။ “ယခုအချိန်ကာလတွင် အိမ်မှာနေပါ။ မဖြစ်မနေ အိမ်ပြင်ထွက်ရသူများ အနေဖြင့် မိမိ၏အသက်ကို ဦးစွာစတင်ကာကွယ်ပါ၊ အိမ်တွင်ကျန်နေခဲ့သည့် မိသားစုဝင်များ၏ အသက်ကိုလည်း ကာကွယ်ပေးပါ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင်ရှေ့တန်းမှ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်”တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။