စွန်းလွန်းဆည်အနီး၌ တမံရေပိုလွှဲ ဖြတ်တံတား တည်ဆောက်

မြင်းခြံ၊ ၁၅ ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ စွန်းလွန်းဆည်အနီးရှိ ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် တမံရေပိုလွှဲ (Approach Channel) ဖြတ်တံတား တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

"မြင်းခြံမြို့နယ် စွန်းလွန်းဆည်အနီးမှာရှိတဲ့ ဆခမကျေးရွာ၊ မကျီးသမျှားကျေးရွာ၊ တောရိုးကျေးရွာ၊ ဂွေးတောက်ပင်ကျေးရွာမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ကွမ်းစိုက်ကျေးရွာ အထက(ခွဲ) ကျောင်းမှာ တက်ကြရပြီး စွန်းလွန်းတမံရေပိုလွှဲကပဲ ဖြတ်သွားရတာပါ။ စွန်းလွန်းဆည် ရေကျော်ရင် ကျောင်းသား ကျောင်းသူတွေအတွက် အန္တရာယ်များပါတယ်၊၊ ရေကျော်ပြီးသွားရင်လည်း ချိုင့်ခွက်၊ ရွှံ့ဗွက်တွေအပြင် မိုးရွာရင်လည်း သွားလာရ ခက်ခဲပါတယ်၊၊ ဒေသခံတွေကလည်း စွန်းလွန်းတမံရေပိုလွှဲ ဖြတ်ပြီး ဒေသလယ်ယာ ထွက်ကုန်တွေကို မြင်းခြံမြို့ကို တင်ပို့/ရောင်းချရာမှာ အသုံးပြုတဲ့လမ်းဖြစ်လို့ ရာသီမရွေးသွားလာနိုင်အောင် တံတားတည်ဆောက်ရခြင်းဖြစ်ပါတယ်"ဟု မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးသန့်က ပြောပြသည်။

"အရင်တုန်းက စွန်းလွန်းတမံရေပိုလွှဲ ဝါးတံတားသာရှိပြီး သွားရေးလာရေး ခက်ခဲကာ အန္တရာယ်လည်း များပါတယ်၊၊ စွန်းလွန်းတမံ ရေပိုလွှဲတံတားဟာ ကျေးရွာနေပြည်သူတွေအတွက် သာမက ကျောင်းသား ကျောင်းသူတွေအတွက်ပါ အင်မတန်အသုံးဝင်တဲ့ လမ်းဖြစ်ပါတယ်၊၊ အခု တံတားကြီး တည်ဆောက်ပြီးစီးပါက သွားလာရေးအပြင် ကျေးရွာထွက်ကုန်တွေကိုလည်း အချိန်မီ တင်ပို့ရောင်းချ နိုင်တောမှာ ဖြစ်ပါတယ်"ဟု မကျီးသမျှားကျေးရွာမှ ဦးမြင့်ဦးက ဆက်လက်ပြောပြသည်။

အဆိုပါ တမံရေပိုလွှဲ ဖြတ်တံတားကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၉၈ သန်းဖြင့် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှု ဦးစီးဌာနမှ တည်ဆောက်လျက်ရှိပြီး တံတား တည်ဆောက်ပြီးပါက ဆခမကျေးရွာ၊ မကျီးသမျှားကျေးရွာ၊ တောရိုးကျေးရွာ၊ဂွေးတောက်ပင်ကျေးရွာ နေပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကိစ္စရပ်များအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်းသိရသည်။

ကျော်စွာ(မြင်းခြံ)