စနိုးဒင် က အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံသား အဖြစ် ခံယူဖို့ ရည်မှန်းထားကြောင်း ပြောဆို

၂ နိုဝင်ဘာ

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း အက်ဒဝက်ဒ် စနိုးဒင် က ရုရှားနိုင်ငံသားဖြစ်ခွင့် လျှောက်လွှာတင်ထားကြောင်း ဒီနေ့ (တနင်္လာနေ့) မှာ ပြောကြားပါတယ်။ စနိုးဒင်ဟာ အမေရိကန်နိုင်ငံသားအဖြစ်လည်း ဆက်လက် ရပ်တည်ဆုပ်ကိုင်ထားမယ်လို့ သိရပါတယ်။ 

အမေရိကန်အစိုးရက နိုင်ငံသားတွေအပေါ်မှာ စုံစမ်းထောက်လှမ်းနေကြောင်း ၂၀၁၃ ခုနှစ်က ဖွင့်ချခဲ့တဲ့ စနိုးဒင်ဟာ အဲဒီချိန်ကစပြီး ရုရှားနိုင်ငံမှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။
စနိုးဒင်ဟာ ရုရှားကိုရောက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ  အမြဲတမ်းနေထိုင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက် စနိုးဒင်ရဲ့ လက်တွဲဖော် လင်ဆေးမီးလ်စ်က သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ကြေညာလိုက်ပါတယ်။ 

ရုရှားနိုင်ငံက လတ်တလောမှာ ရုရှားနိုင်ငံသားအဖြစ် ခံယူသူတွေအား မူရင်းနိုင်ငံမှ နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်ရန်မလိုကြောင်း ဉပဒေဖြေလျော့ထားတာကို တွေ့ရပါတယ်။ 

အသက် ၃၇ နှစ်အရွယ် စနိုးဒင်က သူနဲ့ သူ့ဇနီးတို့ဟာ အမေရိကန်နိုင်ငံသား ကတ်ပြားကို ဆက်လက်ကိုင်ထားဖို့ရှိသလို သူတို့ရဲ့သားလေးကို လွတ်လပ်စွာပြောဆိုခွင့် အပါအဝင် အမေရိကန်နိုင်ငံသား တန်ဖိုးတွေကို သင်ကြားပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ 

ဒီနှစ်အစပိုင်းမှာ သမ္မတ ထရမ့်က စနိုးဒင်ကို ပြစ်ဒဏ်က ခွင့်လွှတ်ပေးဖို့ စဉ်းစားမယ်လို့ ပြောပေမယ့် အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ထပ်မံပြောဆိုခြင်း မရှိတော့တာကို တွေ့ရပါတယ်။

၂၀၁၅ ခုနှစ် သမ္မတ အိုဘားမားလက်ထက်က စနိုးဒင်ကို အပြစ်ကနေ ခွင့်လွှတ်ပေးရန် လက်မှတ်ရေးထိုး တောင်းဆိုပေမယ့် အိမ်ဖြူတော်က ပယ်ချခဲ့ပါတယ်။ 

MDN
ကိုးကား - AFP