စင်ကာပူနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲကျင်းပ

၁၀ ဇွန်

 

စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် စင်ကာပူလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက စင်ကာပူနိုင်ငံ၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် ကစားသမားများ တက်ရောက်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်က " ကျွန်တော်ရော စင်ကာပူနည်းပြပါ နည်းပြသစ်အဖြစ်  အခုမှ ကိုင်တွယ်ကြရတာပါ။ စင်ကာပူအသင်း နည်းပြအနေနဲ့ဆော်လမွန် ကျွန်းစုအသင်းနဲ့ ခြေစမ်းပွဲ တစ်ပွဲကစားထားပေမဲ့ ကျွန်တော့်အတွက်ကတော့ ပထမဆုံးတာဝန်ယူရတဲ့ ပွဲပဲဖြစ်ပါတယ်။ မြန်မာအသင်းကို တာဝန်ယူရတဲ့ တစ်ပတ်တာ အချိန်တိုလေးအတွင်းမှာ ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ် ကျကျ နေထိုင်ကျင့်ကြမှု၊ စည်းကမ်းကောင်းမှု၊ လေ့ကျင့်ရေးကွင်းအတွင်း စွမ်းဆောင်မှုများအတွက် ကျွန်တော် ကျေနပ်ပါတယ်။ အသင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိတဲ့အတွက်လည်း သူတို့ကိုယုံကြည်မှု အပြည့်ရှိပါတယ်။ အခုခြေစမ်းပွဲကတော့ နှစ်သင်းစလုံးအတွက် နည်းဗျူဟာကစားပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့ အဓိကပစ်မှတ်က ဆူဇူကီးဖလား ပြိုင်ပွဲဖြစ်တဲ့အတွက် ကစားသမား တစ်ဦးချင်းစီရဲ့ အရည်အသွေးကိုကျွန်တော့်အနေနဲ့ သိထားဖို့လိုပါတယ်။ စင်ကာပူအသင်းက အသင်းကောင်းတစ်သင်းဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် အခုခြေစမ်းပွဲ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲ၊ ပွဲချိန်တလျှောက်လုံး စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲဖြစ်လာမှာပါ"ဟု ပြောကြားခဲ့သည်။

 

စင်ကာပူအသင်းနည်းပြချုပ် ဂျပန်လူမျိုး တက်ဆုမာက " ပြီးခဲ့တဲ့ ဆော်လမွန် ကျွန်းစု အသင်းကို အနိုင်ရတဲ့ ခြေစမ်းပွဲကတော့ အသင်းသားအားလုံးအတွက် စိတ်ဓာတ်တက်ကြွစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အသင်းမှာ အားနည်းချက်တွေရှိနေဆဲ ဆိုတာဝန်ခံပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို စတင်တည်ဆောက်ဆဲ ကာလဖြစ်တဲ့အတွက် သူတို့ကို စိတ်ဓာတ်မြှင့်တင်ပြီးတော့ ပုံစံကောင်း တစ်ခုရအောင် တည်ဆောက်မှာပါ။ ပြိုင်ဘက် မြန်မာအသင်း နည်းပြအနေနဲ့လည်း သူ့အတွက် ပွဲဦးထွက်ပွဲဖြစ်တဲ့အတွက် ဒီလိုပဲနေမှာပါ။ ကျွန်တော်တို့ လေ့ကျင့်မှုတွေလိုပါတယ်၊ အချိန်တွေလိုပါတယ်။ ပြိုင်ဘက် မြန်မာအသင်း အကြောင်း ပြောရမယ်ဆို သူတို့ကစားသမားတွေရော ကစားဟန်ရော လျင်မြန်တယ်၊ နည်းစနစ် ကောင်းတယ်"ဟု ပြောကြားခဲ့သည်။

 

စင်ကာပူအသင်းနှင့် မြန်မာအသင်းတို့၏ ခြေစမ်းပွကို ဇွန် ၁၁ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ