စင်ကာပူနိုင်ငံရုပ်သံလိုင်းမှ ခရီးသွားမြှင့်တင်ရေးသတင်းမှတ်တမ်းရိုက်ကူး

ရန်ကုန်  ၁၀  အောက်တိုဘာ

စင်ကာပူနိုင်ငံ Channel News Asia International ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ပုဂံဘုရားပုထိုးစေတီများ၊ ရှုခင်းများနှင့် မီးပုံးပျံစီးခြင်း၊ ရုပ်သေးကြိုးဆွဲပညာရှင် ဦးစိန်မြင့်အောင်အား တွေ့ဆုံမေးမြန်းခြင်းတို့ကို ရိုက်ကူးသည်။

 

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုဂံမြို့ဟောင်းတွင် မင်္ဂလာဆောင်အကြို ဓာတ်ပုံရိုက်ကူးနေပုံ၊ ရုပ်သေးကြိုးဆွဲပညာရှင် ဦးစိန်မြင့်အောင် နေအိမ်တွင် ရုပ်သေးရုပ်နှင့် ကြိုးဆွဲပညာအကြောင်း မေးမြန်းနေပုံနှင့် လေ့လာသင်ယူနေပုံတို့ကို လည်းကောင်း၊ ဝက်ကြီးအင်းကျေးရွာ ပစ်တိုင်းထောင် မြန်မာ့ရိုးရာယွန်းထည်လုပ်ငန်းတွင် ယွန်းထည်ပြုလုပ်ပုံ အဆင့်ဆင့်နှင့် သဗ္ဗညုဘုရားအနီးတွင် ရိုးရာလက်ဆွဲပန်းချီရေးဆွဲပုံတို့ကိုလည်းကောင်း၊ ပုပ္ပားတောင်ကလပ် သမိုင်းကြောင်း၊ တောင်ခြေရှိ ၃၇ မင်းနတ်နန်းမှ ပုပ္ပားမယ်တော်နှင့် ရိုးရာဓလေ့ ကိုးကွယ်ယုံကြည်မှုအကြောင်းတို့ကို လည်းကောင်း မှတ်တမ်းရိုက်ကူးခဲ့ပြီး ဖြစ်သည်။

 

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ရှေးဟောင်းယဉ်ကျေးမှုပညာရှင် ဒေါက်တာ ပြည့်ဖြိုးကျော်နှင့် တွေ့ဆုံမေးမြန်းခြင်းကို ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်းနှင့် ထိုသို့ ရိုက်ကူးထားမှုများကို စင်ကာပူနိုင်ငံ Channel News Asia International ရုပ်သံလိုင်းမှ Secrets of Empire ရုပ်သံအစီအစဉ်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်းအောင် (FDC)