စင်ကာပူနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

၁၇ ဇူလိုင်


ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၂)ဉီးအား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA)ဖြင့် (၁၁)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ပြေးဆွဲလျက် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 


ထို့ပြင် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေပြီး စာချုပ်သက်တမ်း ပြည့်လွန်နေသဖြင့် Crew Change ပြုလုပ်ရန် လိုအပ်နေသည့် မြန်မာသင်္ဘောသား စုစုပေါင်း(၈၇)ဦးတို့အား သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ၏ စီစဉ်ပေးမှုတို့ဖြင့် ဆုံရပ်နိုင်ငံဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Korea Airlines အထူးလေလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့ မွန်းလွဲ၂ နာရီ ၅၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။


ဖေါ်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။


နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး/အထူး လေယာဉ်များဖြင့်  မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လျက်ရှိရာ ဆုံရပ်နိုင်ငံဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသား(၁၇၆၂)ဦးအားလည်းကောင်း၊ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသား (၁၇၆၀) အားလည်းကောင်း အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။


သတင်းစဉ်