စင်ကာပူနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခုနှစ် ပထမသုံးလပတ်အတွင်း နှစ်ဆကျော် မြင့်တက်လာ

စင်ကာပူ၊ ဧပြီ ၂

စင်ကာပူနိုင်ငံ၌ ယခုနှစ် ပထမသုံးလပတ် ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၀၀၀ ကျော်ရှိပြီး ယမန်နှစ် အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃၆၀ ရှိသည့်အတွက် နှစ်ဆကျော်မြင့်တက်လာကြောင်း မတ် ၃၁ ရက်တွင် အမျိုးသားပတ်ဝန်းကျင် ဆိုင်ရာ အေဂျင်စီ (အင်န်အီးအေ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံ၌ မတ် ၂၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူခုနစ်ဦးရှိကြောင်း အင်န်အီးအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၂၀၂၂ ခုနှစ်တွင် ၃၂၁၇၃ ဦးအထိရှိပြီး ၂၀၂၃ ခုနှစ် တွင် ၉၉၄၉ ဦးသာ ရှိသည့်အတွက် ရောဂါဖြစ်ပွားမှု ကျဆင်းလာကြောင်း သိရသည်။

အင်န်အီးအေသည် ခြင်ပေါက်ပွားမှုများအတွက် တားဆီးရေး ကြိုးပမ်းအားထုတ်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရန် ပူးပေါင်းပါဝင်ရေးအတွက်လည်း ပြည်သူများအား တောင်းဆိုထားသည်။

ဆင်ဟွာ