စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ ခရီးသွားအဝင်/အထွက် ၁၆ ဒသမ ၅ သန်းရှိ

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်တွင် ယခုနှစ် ဇန်နဝါရီမှမတ်လအတွင်း ခရီးသွားအဝင်/အထွက် ၁၆ ဒသမ ၅ သန်းရှိကြောင်း ချန်ဂီလေဆိပ်က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ အဆိုပါလေဆိပ်တွင် ယခုနှစ်ပထမသုံးလတာကာလအတွင်း လေယာဉ် ဆင်းသက်ပျံသန်းမှု ၈၉၄၀၀ ရှိသည်ဟု သိရသည်။ ချန်ဂီလေဆိပ်တွင် ထိုကာလအတွင်း နိုင်ငံငါးခုဖြစ်သည့် တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဩစတြေးလျနှင့် ထိုင်းနိုင်ငံတို့မှခရီးသွားဝင်/ထွက်မှုများပြားကြောင်း ဖော်ပြထားသည်။  စင်ကာပူနှင့် တရုတ်နိုင်ငံတို့အကြား ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်သည် နှစ်နိုင်ငံအကြား ခရီးသွားလာမှုကို မြှင့်တင်ခဲ့ရာ ချန်ဂီလေဆိပ်၏ခရီးသွားအဝင်/အထွက်အများဆုံးနိုင်ငံများတွင် တရုတ်နိုင်ငံပါဝင်ရန်တွန်းအားဖြစ်စေခဲ့သည်။ ချန်ဂီလေဆိပ်ရှိလေကြောင်းကုန်စည်ပို့ဆောင်မှုသည် ပထမသုံးလပတ်တွင် စုစုပေါင်းတန်ချိန် ၄၇၅၀၀၀ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို