ရန်ကုန် ၁၉ ဖေဖော်ဝါရီ
မြန်မာနိုင်ငံအစိုးရနှင့် စင်ကာပူနိုင်ငံအစိုးရတို့ ပူးပေါင်းဖွင့်လှစ်သော စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း SMVTI လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်ရှိ အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Ong Ye Kung ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စင်ကာပူသံရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးမြင့်မားသော နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးရှိ၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားအင်အားစုများကို ဖြည့်ဆည်းပေးရန် ကျွမ်းကျင်သင်တန်းများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)နှင့်အညီ နည်းပညာနှင့် သက်မွေးပညာရေးသင်တန်းများသို့ ပိုမိုတက်ရောက်ခွင့်ရရှိရေး၊ အရည်အသွေးရှိသော ဒေသလုပ်သား ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော နည်းပညာနှင့် သက်မွေးပညာ သင်တန်းများ တိုးတက်အောင်မြင်ရေး၊ စွမ်းရည်အခြေပြုကာလတို သက်မွေးသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးကို ဦးတည်ကာ ပိုမိုထိရောက်သော စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှစတင်၍ နည်းပညာနှင့် သက်မွေးပညာကဏ္ဍမှ သင်တန်းဆရာများ၏ အရည်အသွေးကို မြှင့်တင်ကာ သင်တန်းကျောင်းများနှင့် စက်ရုံအလုပ်ရုံများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်နိုင်ခဲ့ခြင်းကြောင့် ယခုအခါတွင် နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍအပေါ် ပြည်သူများ၏ စိတ်ဝင်စားမှုနှင့် ယုံကြည်မှုများ တိုးတက်လာသည်မှာ အထင်အရှားပင်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းလျက် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (SMVTI)၊ စက်မှု နည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE), နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင်ကျောင်း(TTTI)၊ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း (JMASVTI)၊ ညောင်ရွှေ သက်မွေးပညာ သင်တန်းကျောင်း (NVTI) များတွင် နည်းပညာနှင့် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းသည်လည်း ပြည်သူအများ စိတ်ဝင်စားပြီး ယုံကြည်အားကိုးသော ပထမတန်းစား သင်တန်းကျောင်းတစ်ကျောင်း ဖြစ်လာပါကြောင်း။
စင်ကာပူ-မြန်မာ နားလည်မှု စာချွန်လွှာ၏ ပထမသက်တမ်းကာလသည် ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြီးမြောက်ပြီး နောက်ထပ်သုံးနှစ် စာချုပ်သက်တမ်း တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်အစိုးရက သဘောတူညီခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် မတ်လတွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါတွင် ဒုတိယသက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ပါကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းသည် အခြေခံပညာပြီး မြောက်အောင်မြင်သည့်လူငယ် ၃၀၆၀ ကို စက်မှုအင်ဂျင်နီယာ ပညာနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းပညာများကို (၆)လသင်တန်းများ ပို့ချနိုင်ခဲ့ကြောင်း၊ ၆၀ ရာခိုင်နှုန်းသော သင်တန်းဆင်းများသည် သက်ဆိုင်ရာနယ်ပယ်များ၌ အလုပ်ရရှိကြပြီး အချို့သည် နိုင်ငံတကာ ထိပ်တန်းကုမ္ပဏီများနှင့် ဟိုတယ်များတွင် ဦးဆောင်စီမံခန့်ခွဲသူ ရာထူးနေရာများကို ရရှိလျက်ရှိကြောင်းနှင့် အနာဂတ်တွင် နှစ်နိုင်ငံအစိုးရများ၏ ပံ့ပိုးမှုဖြင့် သင်တန်းဆင်းအားလုံး အလုပ်အကိုင် ရရှိရန် မျှော်လင့်ပါကြောင်းနှင့် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်း ကျောင်းသည် စက်ရုံများ၊ ဟိုတယ်များနှင့် နားလည်မှုစာချွန်လွှာ ၁၈ ခုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှစ်ခု လက်မှတ်ရေးထိုးထားသည်ဟု သိရှိရပါကြောင်း၊ စင်ကာပူ-မြန်မာသက်မွေးပညာ သင်တန်းကျောင်းသည် သင်တန်းသားများ အလုပ်အကိုင်ရရှိရေး အတွက်သာမက ပညာရပ်ကို စိတ်ဝင်စားလာစေရန်ကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ထူးချွန်ကျောင်းသား ၂၁၆ ဦးခန့်သည် အစိုးရစက်မှုလက်မှု သိပ္ပံများသို့ ဒီပလိုမာသင်တန်း ဆက်လက်တက်ရောက်ခဲ့ကြပါကြောင်း၊ ၎င်းတို့ထဲမှ အချို့ ကျောင်းသားများသည် ပညာသင်ဆု အစီအစဉ်ဖြင့် ဂျပန်၊ စင်ကာပူ၊ တရုတ်၊ ထိုင်းနိုင်ငံများတွင် ပညာသင်ယူနေကြသည်သာမက အလုပ်လုပ်ကိုင်နေကြပြီ ဖြစ်ပါကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းသည် နှစ်နိုင်ငံ စက်ရုံများနှင့် လူငယ်များစွာကို အကျိုးပြုလျက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှ ရရှိသော အသီးအပွင့်ပင် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် သင်တန်းဆရာများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သင်တန်းကျောင်း၏ အရည်အသွေး ရေရှည်တည်တံ့ ခိုင်မြဲနိုင်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနဝန်ကြီး Mr. Ong Ye Kung က စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း SMVTI အား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၏ အောင်မြင်စွာ ဆောင်ရွက်ခဲ့သော အကြောင်းအရာများကို ဗီဒီယိုကလစ်ဖြင့် ပြသ၍ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကျွမ်းကျင်မှု စွမ်းရည်များကို ပြသကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းဝင်းအတွင်း လည့်လည်ကြည့်ရှုကြသည်။
အဆိုပါ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းကို ၂၀၁၄ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနနှင့် စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက သင်တန်းကျောင်းတည်ထောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၉ ရက်တွင် စင်ကာပူဝန်ကြီးချုပ် Mr. Lee Hsien Loong ကိုယ်တိုင်တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


