စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသို့ လာရောက်ဖူးမြော်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိ

ပွင့်ဖြူ    အောက်တိုဘာ     ၁၃

 

သီတင်းကျွတ်ရုံးပိတ်ရန် (၅)ရက်ဖြစ်၍ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးသို့ ယနေ့ (သီတင်းကျွတ်လပြည့်နေ့) နံနက်ပိုင်းက အမြို့မြို့အနယ်နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက ရုံးဝန်ထမ်းများ မိသားစုလိုက် လာရောက်ဖူးမြော်ကြ၍ ကြိတ်ကြိတ်တိုး စည်းကားလျက်ရှိကြောင်း ဘုရားကြီး ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုးထံမှ သိရသည်။

 

ယခုရက်ပိုင်းက သီတင်းကျွတ်ရုံးပိတ်ရက် (၅)ရက်ဖြစ်သည့်အတွက် သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးသို့ ပြည်တွင်းဘုရားဖူး ဧည့်သည်တွေ ကားကြီးကားငယ်တွေနဲ့ လာရောက်ဖူးမြော်သူများပြီး အလွန်စည်ကားနေပါတယ်။ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးဟာ မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်အခါက ရဟန္တာ(၅၀ဝ)နဲ့ ခုနှစ်ရက် တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့တဲ့ ဘုရားဖြစ်လို့ မြန်မာပြည်အနှံ့က ဘုရားဖူးဧည့်သည်တွေက စိတ်ဝင်တစ်စား လာရောက်ဖူးမြော်ကြပါတယ်။ လာရောက်ဖူးမြော်မယ်ဆိုရင် မြတ်စွာဘုရားရှင် ကြွရောက်သီတင်းသုံးနေထိုင်စဉ်က လုပ်ဆောင်ခဲ့တဲ့ သမိုင်းတွေကို လေ့လာခွင့် ရပါမယ်။ ပြီးရင် ဘုရားကြီးအနီးမှာရှိတဲ့ ရှင်မဟာပုဏ္ဏမထေရ်၏ သစ္စာဆေးတော်ကန်ကို လေ့လာနိုင်ပြီး သစ္စာဆေးတော်ကန်က ရေကိုလည်း မှီဝဲသုံးသောက်သုံးနိုင်ပါမယ်။ နောက်ပြီး ထူးခြားမှု လေ့လာစရာတစ်ခုအနေနဲ့ သစ္စာဆေးတော်ကန်အနီးက စန္ဒကူးတောက သီးခြား တစ်ပင်တည်းသော စန္ဒကူးနံ့သာပင်ကြီးက စန္ဒကူးနံ့သာထွက်ရှိမှုကို လေ့လာခွင့်ရရှိစေမှာ ဖြစ်ပါမယ်။  ဒီလိုမျိုး လေ့လာခွင့်ရရှိအောင်လည်း ကျွန်တော်တို့ ဂေါပကအဖွဲ့တွေက လာသမျှ ဘုရားဖူးဧည့်သည်တွေကို ဘုရားသမိုင်းကြောင်း တွေကို လိုက်လံရှင်းလင်းပြသပေးပါတယ်ဟု ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုးက ပြောသည်။

 

ကျွန်မတို့က ရန်ကုန်မြို့ကလာတဲ့ ဘုရားဖူးဧည့်သည်တွေပါ။ သီတင်းကျွတ်ရုံးပိတ်ရက် အားလပ်ချိန်လေးမှာ မိသားစုလိုက် ဘုရားဖူးလာခဲ့တာပါ။ ဒီ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးက မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ကြွရောက်သီတင်းသုံး နေထိုင်ခဲ့တဲ့ သမိုင်းဝင် တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်လို့ လာရောက် ဖူးမြော်ကြတာပါ။ ဘုရားဖူး ပြည်သူတွေကို ဘုရားသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ဂေါပကအဖွဲ့ဝင်တွေက လိုက်လံ ရှင်းလင်းပေးတဲ့အတွက် ဘုရားသမိုင်းနဲ့ ပတ်သက်ပြီး ကိုယ်မသိတဲ့ အကြောင်းအရာတွေကို သိခွင့်ရလို့ အရမ်းဝမ်းသားပီတိဖြစ်မိပါတယ် ဟု ရန်ကုန်မြို့မှ ဘုရားဖူးလာရောက်သည့် ပုဂ္ဂလိက ရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်ရီရီဝင်းက ပြောသည်။

 

သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက (၇)ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင် ဘုရားကြီးတစ်ဆူ ဖြစ်ကာ ယနေ့ခေတ်တွင် မြန်မာပြည်၏ ဗုဒ္ဓဂါယာအဖြစ် ခေါ်ဝေါ်ကြကာ နှစ်စဉ် သီတင်းကျွတ် ရုံးပိတ်ရက်များနှင့် ပွင့်လင်းရာသီချိန်များတွင် ပြည်တွင်း ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစား လာရောက်ဖူးမြော်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)