စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းအောင်ပွဲနှင့် ရှင်သာမဏေ၊ သီလရှင်အပါး  ၅၀ဝ၀  သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပမည်

ရန်ကုန်  ၁၉  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်ခြင်း အောင်ပွဲအခမ်းအနားနှင့် ရှင်သာမဏေ၊ သီလရှင်အပါး ၅၀ဝ၀ သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း အလှူတော် မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် မှ ၂၄ ရက် အထိ သုံးရက် တိုင်တိုင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်တွင် ကျင်းပသွားမည်ဖြစ်သည်။ 


အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ အခမ်း အနားသို့ (ဒုတိယ) ကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နာဂဒီပ၊ မကွေးမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သာသန၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင်များ၊ မကွေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ သာသနာ နုဂ္ဂအသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 


စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်တွင် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီတော် ၁၀ ဆူ နှင့် အရံစေတီတော် ၁၀၈ ဆူကို ပြုပြင် မွမ်းမံလျက်ရှိပြီး  ယင်းအခမ်းအနားတွင် စေတီတော်များကို ထီးတော်တင်လှူခြင်း၊ သာသနိက အဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်း အောင်ပွဲအဖြစ် ရှင်အပါး ၅၀ဝ၀ ကို သာသနာ့ဘောင်သို့ သွတ်သွင်းပူဇော်သည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။     

 

မင်းမင်း