စမ်းချောင်းမြို့နယ်တွင် နွေရာသီ အခြေခံဝူရှူး သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ၉  ဧပြီ

 

၂၀၁၉ ခုနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ် နွေရာသီ အခြေခံ ဝူရှူးသင်တန်းကို မတ်လ ၁ ရက်မှ ဧပြီလ  ၇ ရက်အထိ သင်တန်းသား၊ သင်တန်းသူ ၅၂၁ ဦး တက်ရောက်ခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာဝူရှူး အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြား၍ သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဒုတိယ လွှတ်တော် ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဝူရှူးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်ခင်လေးနှင့် တပ်မတော်ဝူရှူး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ကျော်စိုးဦးတို့က အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာအား ပေးအပ်ခဲ့သည်။

 

ယင်းနောက် နွေရာသီ အခြေခံဝူရှူး သင်တန်းသူ/သင်တန်းသားများနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် မျိုးဆက်သစ် လူငယ် အားကစားသမားများက အခြေခံကစားကွက်၊ အဖွဲ့လိုက်ခြေကန်၊ အဖွဲ့လိုက် အဆင့်မြင့်ကျန့်စု(ခ) နှစ်ဖက်သွားဓါး၊ အဖွဲ့လိုက် အခြေခံသောင်းစု(ခ) ဓါးမောက်၊ အဖွဲ့လိုက် အခြေခံချမ်းချွမ်၊ အဖွဲ့လိုက်အခြေခံ စုပေါင်း၊  နှစ်ယောက်တွဲ အတိုက်(ခ) သွေ့လျန်၊ မောင်ကောင်းခန့်သူမှ အရက်မူးသိုင်းနှင့် အဆင့်မြင့်ကွန်စု(ခ) တုတ်ရှည်၊ မမေသီရိပြည့်စုံမှ အဆင့်မြင့်ချန့်စု(ခ) လှံရှည်တို့အား အသီးသီး သရုပ်ပြသခဲ့ကြကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

MDN